ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခွင့် ရထားတဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ပါဗတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး ပြင်သစ် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ RMC Sports သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယခု နွေဈေးကွက် အတွင်းမှာ ဘယ်နောက်ခံလူ မာလာစီယာ ၊ ခံစစ်မှူး မာတီနက်ဇ်နဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်တို့ကို ခေါ်ယူထားနိုင်ပေမယ့် ဗဟိုကွင်းလယ်လူ တဦး ၊ တိုက်စစ် ကစားသမား တဦးနဲ့ ညာနောက်ခံလူ တဦးတို့ကို ထပ်မံ ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sports Buzzer

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က ဗဟိုကွင်းလယ် နေရာအတွက် ဘာစီလိုနာရဲ့ ကွင်းလယ်ကြယ်ပွင့် ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေသလို တိုက်စစ်ပိုင်း အတွက် ဆာဆူအိုလို တိုက်စစ်မှူး ဆကာမာကာနဲ့ အေဂျက် တိုက်စစ် ကစားသမား အန်တိုနီတို့ကို ခေါ်ယူဖို့ မျက်စိကျနေပြီး ညာနောက်ခံ နေရာအတွက်တော့ အခုမှပဲ ကစားသမားတွေ လိုက်ရှာနေဆဲပါ။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က အသင်းရဲ့ ရှိရင်းစွဲ ညာနောက်ခံလူတွေ အနက် ဒါးလော့ တဦးထဲရဲ့ ခြေစွမ်းကိုသာ သဘောကျပြီး ဘစ္စကာနဲ့ အီသန် လီယက်တို့ရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် သူတို့နှစ်ဦးစလုံးကို ရောင်းထုတ်ဖို့ စဉ်းစားထားကာ အကယ်၍ ဘစ္စကာကိုသာ ရောင်းထုတ်ဖြစ်ခဲ့ရင် ကျိန်းသေပေါက် ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Sports Buzzer

တဖက်မှာတော့ အသက် ၂၆နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ခံစစ်မှူး ပါဗတ်က ဘိုင်ယန်မြူးနစ်ရဲ့ အရောင်းစာရင်းထဲ ပါဝင်နေပြီး ဘိုင်ယန်မြူးနစ်က ပါဗတ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း လိုချင်နေကာ ပါဗတ်ကလည်း နာမည်ကြီးအေးဂျင့် ဇာဟာဗီကို သူ့ရဲ့ ပူးတွဲအေးဂျင့် အဖြစ် ခန့်အပ်ပြီး အသင်းပြောင်းနိုင်ဖို့ စတင် ကြိုးပမ်းနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တန်ဇီရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနဲ့ ဗဟိုခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ပါဗတ်ကို သူတို့အသင်းရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားပြီး မကြာခင်မှာပဲ ပါဗတ်အတွက် သူ့ရဲ့ အေးဂျင့်ဖြစ်သူထံ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာနိုင်ကြောင်း သိရပါတယ်။