ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပြီးခဲ့တဲ့ ရာသီဝက် ကာလအတွင်းမှာ အသင်းအတွက် တစ်မိနစ်တောင် ပါဝင် ကစားပေးခွင့် မရကြတဲ့ ကစားသမား ၄ဦးကို ခေါ်ယူချင်တဲ့ အသင်း ရှိပါက ရောင်းချသွားဖို့ အတွက် အရောင်းစာရင်း တင်ခဲ့ကြောင်း အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းက အရောင်းစာရင်း တင်လိုက်တဲ့ ကစားသမား ၄ဦး ကတော့ အာဂျင်တီးနား နောက်ခံလူ ရိုဟို ၊ အင်္ဂလန် နောက်ခံလူ ဖီးလ်ဂျုံးစ် ၊ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်နဲ့ အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးတို့ပဲ ဖြစ်ကြပါတယ်။

Photo Credit: The Athletic

အဆိုပါ ကစားသမား ၄ဦးစလုံးဟာ ပြီးခဲ့တဲ့ ရာသီဝက် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် တစ်ပွဲမှ ပါဝင် ကစားပေးခွင့် မရခဲ့သလို လင်ဂတ် တစ်ဦးထဲကသာ အသင်းနဲ့ လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပြီး ကျန်ကစားသမား သုံးဦးစလုံးကတော့ အသင်းကနေ အားလပ်ရက်ရှည် ယူထားကြတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ကစားသမား ၄ဦး အတွက် ရောက်လာမယ့် ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပြီး ကစားသမား ၄ဦးထဲ ကနေ ၃ဦးခန့်ကို ရောင်းချ သွားနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ တခြားအသင်း တစ်သင်းထံ ပြောင်းရွှေ့ဖို့ အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေကြတဲ့ ကစားသမားတွေ ကတော့ လင်ဂတ် ၊ ရိုမဲရိုးနဲ့ ဖီးလ်ဂျုံးစ် တို့ပဲ ဖြစ်ပါတယ်။

Photo Credit: The Athletic

ရိုမဲရိုးနဲ့ ဖီးလ်ဂျုံးစ်တို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမားတွေ ဖြစ်ပေမယ့် ယခုလ အတွင်းမှာပဲ ရိုမဲရိုးကို ခေါ်ယူဖို့ အတွက် ဘရိုက်တန် အသင်းကနေ စိတ်ဝင်စား နေသလို နယူးကာဆယ် အသင်းကလည်း ဖီးလ်ဂျုံးစ်ကို ခေါ်ယူချင် နေပါတယ်။ လင်ဂတ်ကို ခေါ်ယူဖို့ အတွက်တော့ လက်ရှိမှာ အီတလီ အသင်းတွေနဲ့ ပြင်သစ်အသင်းတွေ အပါအဝင် ပရီးမီးယားလိဂ် အသင်းတချို့က စိတ်ဝင်စား နေကြပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၀သန်း သတ်မှတ် ထားပါတယ်။ The Athletic သတင်းဌာနရဲ့ အဆိုအရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆိုပါ ကစားသမား ၃ဦး ကို ရောင်းချရာ ကနေ ပေါင် ၁၅သန်းခန့် ဝင်ငွေရဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။