ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ရလဒ်ဆိုးတွေကြောင့် လက်ရှိနည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ရရင် လတ်တလောမှာ အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အီတလီလူမျိုး နည်းပြ ကွန်တီထက် လက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာကိုသာ နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သလို အဆိုပါ ၄ပွဲမှာ ရမှတ် ၁မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် ဆိုးလ်ရှားရဲ့ နည်းပြထိုင်ခုံဟာ လှုပ်ခတ်နေပြီး ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာသာ ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိရင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်မယ့် အလားအလာတွေ ရှိနေပါတယ်။

Photo Credit: The Sun

ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါက ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖူးတဲ့ အီတလီလူမျိုး နည်းပြ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း တိုက်တွန်းနေကြပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘုတ်အဖွဲ့ကတော့ အသင်းရဲ့ နည်းပြသစ်ကို ဗြိတိန်နိုင်ငံသားသာ ဖြစ်စေချင်နေပြီး လက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဘရန်ဒန် ရော်ဂျာကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၄၈နှစ် အရွယ် မြောက်အိုင်ယာလန် နိုင်ငံသား ဘရန်ဒန် ရော်ဂျာဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတဦး ဖြစ်ပြီး ဆွမ်ဆီးအသင်း ၊ လီဗာပူးအသင်းနဲ့ လက်စတာ စီးတီးအသင်းတို့ကို ကိုင်တွယ်စဉ်မှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ရယူထားနိုင်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း လက်စတာ စီးတီးအသင်းကို အက်ဖ်အေဖလား ချန်ပီယံ ဖြစ်အောင် လမ်းပြနိုင်ခဲ့သူပါ။

Photo Credit: The Sun

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ဘရန်ဒန် ရော်ဂျာကို အသင်းမှာ ကာလရှည် တာဝန်ပေးဖို့ မျက်စိကျနေတာ ဖြစ်ပြီး ဘရန်ဒန် ရော်ဂျာကလည်း မန်ချက်စတာ ယူနိုက်တက်လို လူအင်အား တောင့်တင်းကာ ထိပ်တန်း အသင်းတသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် နာမည်ကြီး သတင်းထောက်တွေ အားလုံးက တညီတညွတ်ထဲ ဆိုထားပါတယ်။

ဘရန်ဒန် ရော်ဂျာ တယောက် လီဗာပူးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း နှစ်သင်းစလုံးကို ကိုင်တွယ်ခွင့် ရတဲ့ ပထမဦးဆုံး နည်းပြ ဖြစ်လာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။