မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်ချယ်လ်ဆီးအသင်းက ပူလီဆစ် ဝီလီယံတို့ရဲ့ သွင်းဂိုးတွေနဲ့ မန်စီးတီးကို အနိုင်ရရှိခဲ့လို့ ဒီပွဲရဲ့ ရလဒ်ကို စောင့်ဆိုင်းနေရတဲ့ လီဗာပူးလ်အသင်းဟာလည်း ပြိုင်ပွဲမပြီးဆုံးခင်မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာခဲ့ရပါတယ်။ ဒီလို လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သွားခဲ့ပြီးနောက်မှာ လီဗာပူးလ်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းများဖြစ်တဲ့ ဂယ်ရီနဖီးလ်နဲ့ ရီယိုဖာဒီနန်တို့မှာလည်း Twitter သုံးစွဲခြင်းကနေ ခဏရပ်တန့်ကြတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Twitter

ဂယ်ရီနဖီးလ်ဟာ လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမားဟောင်းဖြစ်တဲ့ ဂျင်မီကာရေဂါနဲ့ အားကစားရုပ်သံမှာ ဘောလုံးပွဲတင်ဆက်သူအဖြစ် ဆောင်ရွှက်လျက်ရှိနေရာ မနေ့ညက လီဗာပူးလ်အသင်း ချန်ပီယံဖြစ်သွားချိန်မှာပဲ ကာရေဂါက နဖီးလ်ရဲ့(လီဗာပူးလ်တို့ ဝက်ဖိုဒ့်ကို အရေးနိမ့်ခဲ့စဉ်တုန်းက ရှန်ပိန်ပုလင်းကိုင်ကာ အောင်ပွဲခံနေတဲ့ ဓါတ်ပုံ)ကို ဖိုတိုရှော့နဲ့ လီဗာပူးလ်အကျီ တပ်ဆင်လိုက်ပြီး သူရဲ့Twitter ပေါ်ကနေ လှောင်ပြောင်ခဲ့ပါတယ်။ ဒီလှောင်ပြောင်မှုမတိုင်ခင်မှာပဲ နဖီးလ်ဟာ သူရဲ့ Twitter ပေါ်က လက်ပြနှုတ်ဆက်နေတဲ့ အီမိုဂျီတစ်ခုကို တင်သွားခဲ့ပြီး Social Media ပေါ်ကနေ ခဏပျောက်ကွယ်ဦးမယ်ဆိုတာကို အသိပေးသွားခဲ့ပါတယ်။

Photo Credit : talkSPORT

နဖီးလ်နဲ့အတူ နောက်ထပ်ယူနိုက်တက်နောက်ခံလူဟောင်း ရီယိုဖာဒီနန်ကလည်း သူရဲ့Twitter ပေါ်ကနေ နောက်(၂)ပတ်လောက်နေမှပဲ Twitter ကို ပြန်လည်သုံးစွဲတော့မယ်လို့လည်း ရေးသားဖော်ပြလာခဲ့ပါတယ်။ Sky Sports ရုပ်သံကတော့ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားခဲ့ပြီးနောက်မှာ သူတို့ရုပ်သံမှာ ဘောလုံးပွဲတင်ဆက်သူအဖြစ် လုပ်ဆောင်နေတဲ့ နဖီးလ်ကို ဘယ်နေရာမှာမှ ရှာမတွေ့တဲ့အကြောင်း ဗီဒီယိုအတိုလေးတစ်ခုကို အရွှန်းဖောက်တင်ဆက်ခဲ့လို့ ပရိသတ်များစွာက သဘောကျခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းရဲ့ အောင်ပွဲနဲ့ပတ်သက်ပြီး သူတို့အသင်းရဲ့ ကစားသမားဟောင်းများဖြစ်တဲ့ ဂလင်းဂျွန်ဆင် ရော်ဘီဖောင်လာ ဆိုင်မွန်မစ်ဂနိုလက် ဟာမန်း လူးကပ်လီဗာတို့က သူတို့ရဲဲ့ လူမှုကွန်ယက်ပေါ်ကနေ ဂုဏ်ယူဝမ်းမြောက်ကြောင်း စာသားတွေ ဓါတ်ပုံတွေကို ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကတော့ အသင်းရဲ့ အခုလိုအောင်မြင်မှုက လီဗာပူးလ်ဂန္တဝင်ကြီးတွေဖြစ်တဲ့ ကင်နီဒဲလ်ဂလစ်နဲ့ စတီဖင်ဂျရတ်တို့ကို ရည်ညွှန်းကြောင်း Sky Sports ရုပ်သံနဲ့ ဗီဒီယိုအင်တာဗျူးမှာ ပြောဆိုသွားခဲ့ပြီး အောင်ပွဲအတွက် မျက်ရည်ကျအောင် ဝမ်းသာနေခဲ့တဲ့ ကလော့ရဲ့ပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။