ယခင်ကတည်းက ကျင်းပဖို့ စီစဉ်လာခဲ့တဲ့ ဥရောပထိပ်တန်း ကလပ်အသင်းတွေကြီးသာ ပါဝင်ဆင်နွဲရမယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ အသက်လက်တီကိုမက်ဒရစ် အင်တာမီလန် အေစီမီလန် ဂျုဗင်တပ်စ် မန်ချက်စတာယူနိုက်တက် လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီး အာဆင်နယ် စပါးအသင်းတို့နဲ့ ကျင်းသွားဖို့ စီစဉ်နေပြီး နောက်နှစ်ဘောလုံးရာသီမှာပဲ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။

Photo Credit : Sky Sports

ထိပ်တန်းကလပ်အသင်းတွေပဲ ပတ်လည်ကျင်းပမယ့် ပြိုင်ပွဲဖြစ်လို့ ဘောလုံးပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းပေမယ့် လက်ရှိမှာ ကျင်းပနေတဲ့ ပြိုင်ပွဲတွေဖြစ်တဲ့ အမှတ်ပေးလိဂ်ပွဲတွေ ဥရောပချန်ပီယံလိဂ်ပွဲတွေအတွက် အနှောင့်အယှက်တွေ ဖြစ်လာနိုင်တာကြောင့် UEFA ကနေ ဒီပြိုင်ပွဲမှာ ဝင်ရောက်ကစားမယ့် အသင်းတိုင်းကို UEFA လက်အောက်က ပြိုင်ပွဲတွေ ဝင်ရောက်ခွင့်ကနေ ပိတ်ပင်မှာဖြစ်သလို ဒီအသင်းတွေကိုလည်း သက်ဆိုင်ရာ အမှတ်ပေးလိဂ်တွေကနေပါ ထုတ်ပယ်ဖို့အထိ လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။

Photo Credit : ESPN

ဥရောပစူပါလိဂ်ပြိုင်ပွဲ ကိစ္စနဲ့ပတ်သက်ပြီး ဘောလုံးအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်နေကြပြီး ဒီထဲမှာ နာမည်ကျော် ဘောလုံးနည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ပါ ပါဝင်လာခဲ့ပြီး ဝေဖန်မှုတချို့ လုပ်ဆောင်လာခဲ့ပါတယ်။ ဖာဂူဆန်က “European Super League အကြောင်း ပြောဆိုဆွေးနွေးရခြင်းက နှစ်ပေါင်း(၇၀)လောက် သက်တမ်းရှိနေတဲ့ ဥရောပဘောလုံးနယ်ပယ်ရဲ့ ဝေးရာကို ထွက်ခွာသွားလိုက်ရသလိုပါပဲ။ ကျွန်တော် ကစားသမားဘဝမှာရော နည်းပြဘဝနဲ့ပါ ဒန်ဖန်လိုင်းတို့ အဘာဒင်းတို့လို အသင်းငယ်လေးတွေနဲ့ European Cup Winner ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာက ဧဝရက်တောင်ထိပ်ပေါ်ကို တတ်လှမ်းနေရသလိုပါပဲ။ အဲဗာတန်အသင်းဆိုရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားရဖို့အတွက် ပေါင်သန်း(၅၀၀)တန်ကြေးရှိတဲ့ ကွင်းသစ်ကြီးကို တည်ဆောက်ခဲ့ရပါသေးတယ်။ ပရိသတ်တွေကလည်း ဒီပြိုင်ပွဲကြီးကို နှစ်သက်ကြတယ်။ ကျွန်တော် ယူနိုက်တက်မှာ ရှိနေစဉ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၄)ကြိမ်အထိတောင် ကစားခဲ့ရပါတယ်။ အဲ့ဒီ(၄)ညလုံးက တကယ့်ကို စပါယ်ရှယ်ညတွေပါပဲ။ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဒီထဲ ပါမပါဆိုတာ ကျွန်တော်သေချာမသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဆုံးဖြတ်ချက်ချရတဲ့အထဲ မပါဝင်လို့ပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။