မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းမှာပဲ နှစ်ပေါင်းမြောက်များစွာ သစ္စာရှိစွာနဲ့ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေကို သိမ်းပိုက်ရယူထားနိုင်ခဲ့သလို လက်ရှိမှာလည်း သူရဲ့နိုင်ငံဖြစ်တဲ့ ဝေးလ်မှာ လက်ရွေးစင် ဘောလုံးနည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ တောင်ပံကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်က သူရဲ့ ဘောလုံးသမားအတွင်း ပြိုင်ဘက်မျိုးစုံနဲ့ ရင်ဆိုင်ကစားခဲ့ရာမှ သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်က သူ့လိုပဲ အသင်းတစ်သင်းတည်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့တဲ့ အင်တာမီလန် ဂန္တဝင်ကစားသမားကြီး ဂျာဗီယားဇနက်တီဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

ကလပ်အသင်း တစ်သင်းတည်းမှာပဲ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့တာခြင်း တူညီခဲ့ကြတဲ့ ဂစ်နဲ့ဇနက်တီတို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၄)ကြိမ်အထိကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး အဲ့ဒီ(၄)ကြိမ်လုံးကလည်း ရှံးထွက်အဆင့်တွေမှာဖြစ်လို့ ပိုပြီးအကြိတ်အနယ် ဖြစ်စေခဲ့ရပါတယ်။ ဂစ်နဲ့ဇနက်တီတို့က ၁၉၉၉ခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ စတင်ဆုံတွေ့ခဲ့တာဖြစ်ပြီးတော့ စဆုံတွေ့ခြင်းမှာပဲ နှစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပြီး ဇနက်တီကြောင့် ဂစ်က သူရဲ့နှာခေါင်းကျိုးသွားခဲ့ရပါသေးတယ်။ ဂစ်က “ကျွန်တော်ရင်ဆိုင်ခဲ့တဲ့ ကစားသမားတွေထဲမှ အခက်အခဲဆုံးသောသူက အင်တာကစားသမား ဇနက်တီပါ”

Photo Credit : Ronaldo.com

“သူက အမြဲကို ပြေးလွှားနေသူဖြစ်သလို ကွင်းလယ်မှာလည်း အသေသပ်ဆုံး ကစားနိုင်သူဖြစ်လို့ သူ့ခြေထောက်ထဲ ဘောလုံးရောက်သွားတာနဲဲ့ သက်တောင့်သက်သာ ကစားနေနိုင်ပါတယ်။ ဒါ့အပြင် သူက ခံစစ်ကိုလည်း တာဝန်ယူနိုင်သေးတယ်။ သူနဲ့ ရင်ဆိုင်ရတာက အလွန်ကို ခက်ခဲလွန်းပါတယ်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ဆုံတွေ့တုန်းကဆိုရင်လည်း သူ့ကြောင့် ကျွန်တော့်နှာခေါင်းရိုး ကျိုးသွားခဲ့ရပါသေးတယ်။ သူ့မှာ ခံစစ်မှူးတစ်ယောက်အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေလည်း ရှိလို့နေသေးတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဂစ်လိုပဲ ဇနက်တီကလည်း သူရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်တွေအားလုံးထဲမှာ ဂစ်က သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်ဖြစ်ကြောင်းကို လွန်ခဲ့တဲ့ (၆)နှစ်ခန့်က အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။ အာဂျင်တီးနား ကွင်းလယ်ကစားသမားဟောင်းကြီး ဇနက်တီက လောလောဆယ်မှာ အင်တာမီလန်အသင်းရဲ့ ဒါရိုက်တာအဖြစ် ဆောင်ရွှက်နေသလို ဂစ်ကလည်း ဝေးလ်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အဖြစ် ဆောင်ရွှက်လျက်ရှိနေပါတယ်။