မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ကစားခဲ့ရတဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းအတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဂျက်ဆီလင်ဂတ်ဟာ အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူ့ကိုပွဲချိန်ပြည့် ကစားခွင့်မပေးပဲ လူစားလဲခဲ့တာကြောင့် ဆိုးလ်ရှားအနေနဲ့ လင်ဂတ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်တော့မှာမဟုတ်ကြောင်း ပြသခဲ့တာလို့ ကစားသမားဟောင်း ပေါလ်စခိုးက သုံးသပ်သွားခဲ့ပါတယ်။

Photo Credit : talkSPORT

ခြေစွမ်းကောင်းတွေ မပြနိုင်ပဲ သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေရော ယုံကြည်မှုတွေပါ ပျောက်ဆုံးနေရတဲ့ လင်ဂတ်ဟာ လက်စတာနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲမှာ သွင်းဂိုးတစ်ဂိုး မနေ့ညက LASK အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့တာကြောင့် ၂၀၁၈ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် (၂)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ပုံစံကောင်းတွေ ပြသခဲ့ပေမယ့်လည်း ဆိုးလ်ရှားကတော့ လင်ဂတ်ကို မိနစ်ကိုးဆယ်အထိ ကစားခိုင်းခြင်းမရှိပဲ သွင်းဂိုးရယူပြီး (၆)မိနစ်အတွင်းမှာပဲ ပေါ့ဘာနဲ့ လူစားလဲခဲ့ပါတယ်။

Photo Credit : The Sun

လင်ဂတ်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးက “ကျွန်တော်သေချာတော့ မပြောတတ်ပါဘူး။ ကျွန်တော်ကတော့ လင်ဂတ်က ပွဲချိန်ပြည့်ကစားပြီးတော့ အသင်းအတွက် တစ်ခုခုလုပ်ပြနိုင်မယ်လို့ပဲ ထင်မိခဲ့တာပါ။ နောက်တော့ ကျွန်တော်ထင်ထားသလောက် သူကောင်းကောင်းသိပ်မကစားနိုင်ခဲ့ဘူး။ သူက ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ယောက် ဖြစ်လာဦးမလားဆိုရင် မသေချာတော့ဘူးလို့ပဲ ဖြေရမယ်။ ဒီနေ့ညလို ပွဲမျိုးက လင်ဂတ်အနေနဲ့ ဖရက်ဒ်နဲ့အတူ မိနစ်(၉၀)အပြည့်လောက်အထိကို ကစားရဖို့ အခွင့်အရေးရခဲ့တာပါ။ ဒါပေမယ့် အိုလီက လင်ဂတ်ကို ပွဲချိန်တစ်နာရီလောက် ကစားအပြီးမှာပဲ လူစားလဲခဲ့တာဆိုတော့ ဒါဟာ အိုလီအနေနဲ့ လင်ဂတ်ရဲ့အနာဂတ်ကို ဆုံးဖြတ်ပြီးသားဆိုတာကို ပြသလိုက်သလိုပါပဲ။ လင်ဂတ်က ဒီပွဲမှာ သွင်းဂိုးရရှိပြီးတော့ ယုံကြည်မှုတွေလည်း တိုးသွားခဲ့တယ်ဆိုပေမယ့်လို့ အရမ်းကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ကျွန်တော်မထင်မိဘူး။ လာမယ့်တနင်းလာနေ့ပွဲမှာလည်း ပွဲထွက်စာရင်းမှာ သူပါဝင်နိုင်မယ်လို့ မထင်ဘူး။ ဒါက အချက်ပြလိုက်သလိုပါပဲ။ လင်ဂတ်လိုပဲ ဖရက်ဒ်လည်း ဒီအခြေအနေနဲ့ ကြုံတွေ့နေတယ်ထင်ပါတယ်။ အိုလီက သူတို့နှစ်ယောက်လုံးကို ရောင်းထုတ်ချင်နေသလိုပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။