မန်ချက်စတာယူနိုက်တက် ဂျုဗင်တပ်စ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ပက်ထရစ်အီဗရာက ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးခဲ့ရတာကို နောင်တရမိကြောင်းနဲ့ ပြန်လည် ပြင်ဆင်ခွင့်သာ ရှိခဲ့မယ်ဆိုရင် ဆီနီဂေါကိုသာ ကိုယ်စားပြု ကစားသွားမှာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Photo Credit : Eurosport

ဘယ်နောက်ခံကစားသမားဟောင်းကြီး အီဗရာဟာ ပြင်သစ်လက်ရွေးစင် ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် ဆီနီဂေါနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ခပ်ငယ်ငယ်မှာပဲ ပြင်သစ်နိုင်ငံကို ပြောင်းလဲ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်မှာပဲ ကြီးပြင်းခဲ့ပြီး ပြင်သစ်ကလပ် နိုက်စ်နဲ့ မိုနာကိုတို့မှာ စီနီယာ ကစားသမားဘဝကို သေသေချာချာလေး စတင်ခဲ့ရတဲ့ အီဗရာက သူ ကိုယ်စားပြုပြီး ပါဝင်ပေးသွားမယ့် နိုင်ငံကို ရွေးချယ်ရာမှာ မွေးရပ်မြေ ဆီနီဂေါထက် ပြင်သစ်လက်ရွေးစင်အသင်းအတွက်ကိုသာ ဦးစားပေး ရွေးချယ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ သူရဲ့ရွေးချယ်မှုကို နောင်တရခဲ့မိတယ်လို့ အီဗရာက ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : beIN sport

ဂါနာနိုင်ငံကို လာရောက် လည်ပတ်ရင်း ဂါနာသမ္မတနဲ့ပါ တွေ့ဆုံနေတဲ့ အီဗရာက သူ့အနေနဲ့ ပြင်သစ်အသင်းအတွက် ကစားပေးခဲ့ရတာကို နောင်တရမိကြောင်း “ကျွန်တော်သာ နောက်ကြောင်းပြန်သွားလို့ရရင် ကျွန်တော် ကိုယ်စားပြုမယ့် နိုင်ငံလက်ရွေးစင်အသင်းအဖြစ် ပြင်သစ်အစား ဆီနီဂေါကိုပဲ ရွေးချယ်လိုက်မှာ။ ကျွန်တော်က ဒါကာ(ဆီနီဂေါနိုင်ငံရဲ့မြို့)မှာ မွေးပြီး ပြင်သစ်မှာ ကြီးပြင်းခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ရွေးချယ်ချက်ကြောင့် နာကျင်မှုတွေနဲ့ ရင်းပြီး ရရှိလာခဲ့တဲ့ သင်ခန်းစာတွေထဲကမှ တစ်ခုကတော့ ခင်ဗျားကောင်းကောင်းကစားနိုင်ပြီး အောင်မြင်မှုတွေ ရခဲ့မယ်ဆိုရင် ပြင်သစ်သားတစ်ယောက်အဖြစ်နဲ့ ဂုဏ်ပြုခံရမယ်။ ဒါမှမဟုတ် အသင်းက ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ခင်ဗျားက ဆီနီဂေါသား ဖြစ်နေတာကြောင့်ဆိုပြီး ပြောကြပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်အသင်းမှာက အာဖရိနိုင်ငံဖွား ကစားသမားတွေ အများအပြား ပါဝင်လျက်ရှိပြီး ၂၀၁၈ခုနှစ် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့ ကစားသမားတွေထဲက (၈၇)%ဟာ အာဖရိကနိုင်ငံတွေမှာ ဖွားမြင်ခဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အီဗရာကတော့ ၂၀၁၈ခုနှစ် ပြင်သစ်အသင်းရဲ့ world cup squad မှာ ရွေးချယ်ခံခဲ့ရခြင်း မရှိလို့ ကမ္ဘာဖလား ချန်ပီယံဆုနဲ့ပါ လွဲချော်ခဲ့ရပါတယ်။