မနေ့ညက ကစားသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)မှာ အိမ်ရှင်ယူနိုက်တက်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ရဖို့အတွက် အနိုင်(၃)မှတ်ကို မဖြစ်မနေ လိုအပ်နေခဲ့ပေမယ့် တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျခဲ့ရသလို ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ရဲ့အားပါပြင်းထန်လှတဲ့ ကန်ချက်ကို ပင်နယ်တီဧရိယာအတွင်းထဲမှာ ကွင်းလယ်ကစားသမားပေါ့ဘာရဲ့ လက်နဲ့ဟန့်တားခဲ့မှုကနေလည်း ဝက်စ်ဟမ်းဘက်ကို ပင်နယ်တီခွင့်ပြုခဲ့ရပြီး အဖွင့်ဂိုးပါ ခွင့်ပြုလိုက်ရတာမို့ ယူနိုက်တက်တို့ နိုင်ပွဲရဖို့ ပိုခဲယဉ်းသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Sun

ကွင်းလယ်လူဒစ်ကလန်ရိုက်စ်ရဲ့ အပြင်းကန်ချက်က မျက်နှာတည့်တည့်ကို ထိမှန်လာနိုင်တာဖြစ်လို့ မျက်နှာကို အကာအကွယ်ပြုရင်း လက်ကာမိခဲ့ရာကနေ ဘောလုံးကို လက်နဲ့ဟန့်တားမိသလို ဖြစ်စေခဲ့တာကြောင့် VAR ဒိုင်က ပင်နယ်တီအဖြစ် သတ်မှတ်ခဲ့ရင်း ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုက ဒီပင်နယ်တီကို ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒီလက်ထိဘောနဲ့ပတ်သက်ပြီး အားကစားရုပ်သံ တင်ဆက်သူအဖြစ်နဲ့ လုပ်ဆောင်နေတဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဖီးလ်ကတော့ ပေါ့ဘာရဲ့Handball က အရမ်းကို အရှက်ရစရာဖြစ်ရပ်လို့ ရုပ်သံတင်ဆက်နေစဉ်အတွင်းမှာ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : The Sun

နဖီးလ်က “သူက တကယ့်ကို ပြသာနာကောင်ကြီးပါ။ သူက ပြိုင်ဘက်အသင်းကို ပင်နယ်တီကန်ခွင့်အရအောင် လုပ်မိခဲ့ပြီးမှ သူ့ခေါင်းကို ဘောလုံးလာမှန်တဲ့ပုံစံနဲ့ ဟန်ဆောင်နေသေးတယ်။ အရမ်းကို အရှက်စရာလုပ်ရက်ပါ။ ဘာအကြောင်းနဲ့မှ သူရဲ့လက်တွေကို မမြှောက်လိုက်သင့်ပါဘူး။ ဘောလုံးက သူ့ဆီကို လာနေတဲ့အချိန်မှာ မျက်နှာကို မထိမှန်ရအောင် ရှောင်လိုက်တာမျိုး လုပ်လိုက်နိုင်တာပဲလေ။ ဒီပင်နယ်တီကပဲ ယူနိုက်တက်အတွက် ပြသာနာကြီးတစ်ခု ဖြစ်သွားခဲ့ရတာ” လို့ ဝေဖန်ခဲ့သလို ယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမားဟောင်း ပက်ထရစ်အီဗရာကလည်း “ကျွန်တော်ကတော့ ပေါလ် အမှားလုပ်မိသွားတယ်လို့ ထင်ပါတယ်။ ဒီဖြစ်ရပ်မှာ သူ့ဘက်ကနေ ကာကွယ်ပြီး ပြောဆိုပေးဖို့ဆိုတာကလည်း ခက်ခဲပါတယ်။ အဲ့ဒီအချိန်မှာ ယူနိုက်တက်ပရိသတ်တွေအားလုံးက ပေါ့ဘာကို မျက်နှာမှာ သွေးတွေပေကျံနေတာ မြင်ချင်ကြမှာ။ အဲ့ဒီဘောလုံးကြောင့် သူ့နှာခေါင်းရိုးကျိုးသွားတာမျိုးပေါ့(လက်နဲ့မကာပဲ မျက်နှာကိုသာ ဘောလုံးထိမှန်လိုက်ရင် ပင်နယ်တီမပေးရတာကို ဆိုလိုပါတယ်)” လို့ ပြစ်တင်ပြောဆိုလိုက်ပါတယ်။