ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် အသင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နောက်ခံ ကစားသမားဖြစ်တဲ့ တိုနီဒန်နီ ဟာ အသက်၇၈နှစ်အရွယ်မှာပဲ သူချစ်တဲ့ ဘောလုံးလောကနဲ့ မိသားစုကို စွန့်ခွာသွားခဲ့ရပြီလို့ သိရှိရပါတယ်။ အသက် ၇၈နှစ်အရွယ် တိုနီဒန်နီ ဟာ ယမန်နေ့ ဇွန်လ ၈ရက်နေ့မှာပဲ သေဆုံးသွားခဲ့ရတယ်လို့ သိရှိရပြီး ဘယ်လို ရောဂါမျိုးနဲ့ သေဆုံးခဲ့ရလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ သူ့ရဲ့ မိသားစုကနေ ထုတ်ပြန်ကြေညာခြင်း မရှိသေးပဲ သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ၊ ရှယ်လ်ဘုန်းအသင်းတို့ကတော့ တိုနီဒန်နီရဲ့ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း စာသားတွေ အသီးသီးတင်သွားခဲ့ပြီး တိုနီဒန်နီအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေကို လုပ်ပေးသွားမယ်လို့ သိရှိရပါတယ်။

Photo Credit: Manchester United

တိုနီဒန်နီဟာ အိုင်ယာလန်လူမျိုး တစ်ဦး ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပထမ ရွှေရောင်နေ့ရက်များလို့ ခေါ်ဆိုရမယ့် ဆာမက်စ်ဘက်ဘီ နည်းပြတဲ့ အသင်းမှာ ပါဝင် ကစားခဲ့တဲ့ အသင်းဖြစ်ပြီး ဥရောပချန်ပီယံဆု(ယခု ချန်ပီယံလိဂ်ဖလား)ကို ပထမဦးဆုံး ဆွတ်ခူးတဲ့ အင်္ဂလန်အသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့သူပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၁၉၆၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ဥရောပချန်ပီယံဆုဖလားကို အင်္ဂလန်နိုင်ငံဆီ ယူဆောင်လာနိုင်ခဲ့ပြီး အဆိုပါ အချိန်တုန်းက တိုနီဒန်နီဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဘယ်နောက်ခံလူ နေရာမှာ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Manchester United

တိုနီဒန်နီဟာ မန်ချက်စတာယူနိုက်တက် အသင်းထံကို အိုင်ယာလန်ကလပ် ရှယ်လ်ဘုန်း အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်၅၀၀၀နဲ့ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ၁၃နှစ်ကြာအောင် ကစားခဲ့သူ ဖြစ်ကာ ပွဲပေါင်း ၅၃၅ပွဲအထိ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။ တိုနီဒန်နီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ အမှတ်ပေးဖလား ၂ကြိမ် ၊ ဥရောပချန်ပီယံဖလား ၁ကြိမ်နဲ့ အက်ဖ်အေဖလား ၁ကြိမ်တို့ကို ရရှိခဲ့ဖူးတဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၈ဦးမြောက် ပွဲအများဆုံး ကစားပေးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်မှာတော့ တိုနီဒန်နီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ဘော်လ်တန် အသင်းထံကို ပြောင်းရွှေ့သွားခဲ့ပြီး ဘော်လ်တန် အသင်းကို အင်္ဂလန်ရဲ့ ဒုတိယအဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ တိုနီဒန်နီ ခင်ဗျာ……။