နွေစျေးကွက်ပိတ်တော့မယ့်အချိန်က တဖြည်းဖြည်းကပ်လာခဲ့ပေမယ့် အခုထိ ကစားသမားသစ်တစ်ယောက်တည်းကိုသာ ခေါ်ယူထားခဲ့ပြီး အသင်းရဲ့ခြေစွမ်းပိုင်းကလည်း ဘာမှမတိုးတတ်လာသေးတဲ့အတွက် အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့အဓိကပစ်မှတ် ဂျေဒန်ဆန်ချိုကို ခေါ်ယူနိုင်လိုက်မယ်ဆိုရင်တောင် ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဖလားကို မမျှော်မှန်းနိုင်ဘူးလို့ ကစားသမားဟောင်း အင်ဒီကိုးလ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းဟာ လက်ရှိမှာ နယ်သာလန်ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ် တစ်ယောက်တည်းကိုပဲ ခေါ်ယူထားနိုင်ခဲ့ပြီး အသင်းရဲ့အဓိကပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကိုတော့ အခုထိ ခေါ်ယူနိုင်ခြင်းမရှိသေးပဲ အပြောင်းအရွှေ့အပြီးသတ်ဖို့က ကြန့်ကြာလျက်သာ ရှိလို့နေပါတယ်။ ဒါပေမယ့် ဆန်ချိုကို အမှန်တကယ် ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ပရီးမီးယားလိဂ်ဆုဖလားကိုတော့ ရယူနိုင်ဖို့က မလွယ်ကူသေးဘူးလို့ အင်ဒီကိုးလ်က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။ ကိုးလ်က “ကျွန်တော်က ယူနိုက်တက်အသင်း ဒီနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ပြောချင်ပါတယ်”

Photo Credit : Radio Times

“ဒါပေမယ့် ကျွန်တော်ပြန်စဉ်းစားမိတယ်။ ဘာကြောင့်မို့ ငါလိမ်ညာနေရမလဲဆိုပြီးပေါ့။ အရိုးသားဆုံးပြောရမယ်ဆိုရင် ယူနိုက်တက်က ဒီလိုအခြေအနေ ပြန်ဖြစ်လာဖို့အတွက် (၂)နှစ်(၃)နှစ်လောက်တော့ အချိန်ယူရဦးမယ်။ သူတို့တွေ ဆန်ချိုကို ပြောင်းရွှေ့ကြေး ပေါင်(၁၀၉)သန်းနဲ့ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တောင် ပရီးမီးယားလိဂ်ဆုဖလားကို မရနိုင်သေးဘူး။ နီးတော့နီးစပ်သွားနိုင်တယ်။ ဒါပေမယ့် ကစားသမားသစ်တစ်ယောက်ကို ထမ်မံခေါ်ယူလိုက်တာနဲ့ပဲ အသင်းက ပရီးမီးယားလိဂ်ဆုဖလားရဖို့ နီးကပ်သွားတတ်တယ်ဆိုတာပါပဲ။ လီဗာပူးလ်တို့ မန်စီးတီးတို့လည်း အရမ်းကို ကောင်းမွန်လှတဲ့ ကစားသမား(၂)ဦးလောက်ကို ဖြည့်တင်းခဲ့ပြီးမှ အောင်မြင်မှုတွေကို ရယူလာနိုင်တာလေ။ လီဗာပူးလ်ကိုပဲကြည့်ပါ။ နှစ်ပေါင်း(၃၀)လောက် ဝေးကွာနေတဲ့ ဆုဖလားကြီးကို ပြန်လည်ပိုင်ဆိုင်ရဖို့အတွက် မတူညီတဲ့ ကစားသမားများစွာကို နှစ်အလောက်ဖြည့်တင်းခဲ့တယ်။ မန်စီတီးဆိုရင်လည်း ချန်ပီယံဖြစ်ဖို့ ကစားသမားတွေ ဘယ်လောက်ခေါ်ယူခဲ့ရသလဲဆိုတာ အားလုံးအသိပါ။ ကျွန်တော်က လက်တွေ့သမားတစ်ယောက်။ ဆန်ချိုကို ခေါ်ယူလိုက်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လာနိုင်တယ်ဆိုပေမယ့် ဆန်ချိုက ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခဲ့ရင်တောင် တခြားအသင်းတွေကလည်း ခြေချော်ဖို့ဆိုတာ အတတ်ပြောမရသေးတော့ ယူနိုက်တက်အတွက် ချန်ပီယံမျှော်လင့်ချက်ကတော့ ခုချိန်မှာ မှိန်ပျပျပဲ ရှိနေဦးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။