မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာမန်လူမျိုး နည်းပြရန်းနစ်က ဒီနှစ်ဘောလုံးရာသီမှာ လေဗာကူဆင်အသင်းအတွက် အတော်လေးကို ခြေစွမ်းပြသလျက် ရှိနေတဲ့ ဆယ်ကျော်သက် လူငယ်ကြယ်ပွင့် ကစားသမားလေး ဖလော်ရီယန်ဗက်ဇ် အပါအဝင် ဂျာမနီ လူငယ်ကစားသမားများစွာကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားဖို့ စောင့်ကြည့်လျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Bundesliga

အသက်(၁၈)နှစ် အရွှယ်သာ ရှိနေသေးတဲ့ ဂျာမနီ ကွင်းလယ်တိုက်စစ်ကစားသမားလေး ဗက်ဇ်ဟာ ၂၀၁ဝခုနှစ်ကတည်းက ကိုလုံး လူငယ်အကယ်ဒမီမှာ ဘောလုံးပညာကို သင်ယူခဲ့ပြီး ဆယ်နှစ်အကြာမှာပဲ လေဗာကူဆင် လူငယ်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပဲ လေဗာကူဆင် စီနီယာအသင်းအတွက် စတင်ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ဗက်ဇ်ဟာ အချိန်တိုလေးအတွင်းမှာပဲ သူရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ချပြလာနိုင်ခဲ့ပြီး ဒီနှစ်ရာသီမှာဆိုရင်လည်း အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၂၀)အတွင်းမှာ သွင်းဂိုး(၈)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဗက်ဇ်ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြပြီး ယူနိုက်တက်ရဲ့ ဂျာမနီနည်းပြကြီး ရန်းနစ်ကပါ ယူနိုက်တက်အသင်းအတွက် ဗက်ဇ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

Photo Credit : SportsMax

ဂျာမနီ ဝါရင့်နည်းပြကြီး ရန်းနစ်ဟာ လတ်တလောမှာ သူရဲ့အသင်းဟောင်း လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်ကစားသမား ဟိုက်ဒါရားနဲ့ မာဆေးလ်ကွင်းလယ်လူ ကာမာရာတို့ကို ခေါ်ယူသွားဖို့ သတင်းတွေ ထွက်နေသလို မာစီယဲလ် ကာဗာနီတို့ လက်လွတ်ရဖွယ် ရှိနေတဲ့အတွက် အာလင်းဟာလန်းကိုပါ အရခေါ်ယူဖွယ် ရှိနေတယ်လို့ သတင်းမွှေးနေပါတယ်။ ဒီလို အခြေအနေတွေထဲကမှ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး ဖလော်ရီယန်ဗက်ဇ်ကိုပါ ထပ်မံအာရုံစိုက်လာခဲ့ပေမယ့် ဗက်ဇ်ရဲ့လက်ရှိတန်ကြေးအရဆိုရင် ယူရိုသန်း(၇၀)ဝန်းကျင်လောက်အထိ ရှိလို့နေတဲ့အပြင် ၂၀၂၆အထိကို စာချုပ်သက်တမ်း ရှိနေတဲ့အတွက် လေဗာကူဆင်ဘက်ကနေ ဗက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးကို စိတ်တိုင်းကျ တောင်းဆိုလာနိုင်တာကြောင့် ဗက်ဇ်ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအတွက် ခေါင်းခဲရနိုင်ပါတယ်။ ဒါ့အပြင် လေဗာကူဆင်အနေနဲ့ ဟားဗက်ဇ်ကို ဆုံးရှံးထားအပြီး ဗက်ဇ်လို ကစားသမားမျိုးကို ထပ်မံဆုံးရှုံးချင်တော့မှာ မဟုတ်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်နည်းပြကြီး ရန်းနစ်ကတော့ လက်ရှိမှာ ဗက်ဇ်အပြင် လူကာနက်ဇ် အဲရစ်မာတယ်လ် အာမယ်လ်ဘယ်လာကော့ချက်ပ်တို့လို ဂျာမနီ လူငယ်ကြယ်ပွင့်လေးတွေကိုလည်း ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရပါတယ်။