နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဂရန်းနစ်ချာကာကို သေချာပေါက် လက်လွတ်ရတော့မှာဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ချာကာရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဝုလ်ဗ်ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို ပစ်မှတ်ထားလျက် ရှိလို့နေတဲ့ အာဆင်နယ်အသင်းထက် မန်ချက်စတာယူနိုက်တက်အသင်းက နေးဗက်စ်ကို ခေါ်ယူသွားဖို့ ပိုပြီး အခြေအနေကောင်းလာနေတယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Star

အာဆင်နယ်အသင်းရော ယူနိုက်တက်အသင်းတို့ပါ ဒီနှစ် နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ချာကာနဲ့ ပေါလ်ပေါ့ဘာတို့ (၂)ယောက်က အသင်းကနေ အသီးသီး ထွက်ခွာသွားကြဖွယ် ရှိနေကြတဲ့အတွက် သူတို့ရဲ့ နေရာမှာ အစားထိုးသွားဖို့ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ရူဘင်နေးဗက်စ်ကို အပြိုင်ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။ ကနဦးပိုင်းမှာတော့ အသက်(၂၄)နှစ်အရွှယ် ကွင်းလယ်ကစားသမား နေးဗက်စ်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းက အခြေအနေကောင်းနေခဲ့ပေမယ့် လက်ရှိမှာ အာဆင်နယ်ထက် ယူနိုက်တက်အသင်းက နေးဗက်စ်က ရရှိဖို့ ပိုပြီး အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

Photo Credit : We Are Follow United

ယူနိုက်တက်အသင်းဟာလည်း နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီကို လက်လွတ်ရဖွယ် ရှိနေတဲ့အတွက် သူရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား လီယွန်ဂေါ်ရက်ဇ်ကာကို ပစ်မှတ်ထားနေတာဖြစ်ပြီး အေးဂျင့်ဖြစ်သူနဲ့လည်း ချိတ်ဆက်လျက် ရှိနေပေမယ့် ကစားသမားကိုယ်တိုင်က ဘိုင်ယန်မှာသာ ဆက်လက်ရှိနေချင်တာကြောင့် ဂေါ်ရက်ဇ်ကာထက် ပရီးမီးယားလိဂ်မှာ ကျင်လည်ဖူးသား နေးဗက်စ်ကိုသာ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကလည်း သူရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ရူဘင်နေးဗက်စ်နဲ့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက်ကစားဖို့ ဆန္ဒရှိနေတဲ့အတွက် နေးဗက်စ်ကို ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းနှိုးဆော်မှုတွေ လုပ်ဆောင်နေမှာ ဖြစ်သလို ယူနိုက်တက်ဘက်ကလည်း ကွင်းလယ်လူ နေးဗက်စ်အတွက် ဝုလ်ဗ်အသင်းဘက်ကနေ အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၃၅)သန်းနဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတာကြောင် နေးဗက်စ်ကို အာဆင်နယ်ထက် လက်ဦးနိုင်ဖို့ အခြေအနေကောင်းနေရပါတယ်။