ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ်ဖြစ်သူ အန်ဇို မာရက်စ်ကာလက်ထက်မှာ ပွဲကစားခွင့်တွေ နည်းပါးနေရတဲ့ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူကို မန်ချက်စတာ ယူနိုက်တက်အသင်းက စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၂၆)နှစ်အရွယ် တိုက်စစ်ကစားသမား အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံးရာသီမှာ ဒဏ်ရာ ပြဿနာပေါင်းများစွာနဲ့ ရုန်းကန်ခဲ့ရသလို ဒီရာသီမှာလည်း မာရက်စ်ကာလက်ထက် ပွဲကစားခွင့်တွေ နည်းပါးနေခဲ့ရပြန်ပါတယ်။
Photo Credit : We Ain’t Got No History
ကွင်းလယ်တိုက်စစ် ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေအထိ လိုက်ပါကစားနိုင်သူ အန်ကွန်ကူဟာ ဒီရာသီမှာ ချယ်လ်ဆီးအတွက် (၁၀)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ လူစားဝင်ပဲ ဆက်တိုက် ကစားနေရပါတယ်။
အန်ကွန်ကူက ချယ်လ်ဆီးရဲ့ ကွန်းဖရန့်စ်လိဂ်ပွဲတွေနဲ့ လိဂ်ဖလားပွဲတွေမှာသာ ပွဲထွက်ကစားခွင့် ရနေပြီး ပရီးမီးယားလိဂ်ဘက်မှာတော့ နီကိုလပ်စ် ဂျက်ဆင်ရဲ့ ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားနေရတဲ့အပေါ် စိတ်ပျက်လျက် ရှိနေတာကြောင့် လာမယ့် ဈေးကွက်တွေထဲ ချယ်လ်ဆီးကနေ ထွက်ခွာသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။
Photo Credit : Transfermarket
ဒီလို အနာဂတ် အခြေအနေမျိုး ရှိနေတဲ့ အန်ကွန်ကူကို သူ့အသင်းဟောင်း ပီအက်စ်ဂျီက ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေသလို တိုက်စစ်ပိုင်း အားကောင်းလာအောင် တည်ဆောက်သွားဖို့ ရှိနေတဲ့ မန်ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ ပစ်မှတ်ဟောင်း အန်ကွန်ကူကို လာမယ့်နွေမှာ ခေါ်ယူသွားချင်နေပါတယ်။
ယူနိုက်တက်က ဒီနွေမှ ဘိုလော့ဂ်နာကနေ ခေါ်ယူထားတဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဇက်ခ်ဇီးက အသင်းတိုက်စစ်ပိုင်းအတွက် အားထားလို့ မရတဲ့ အခြေအနေမှာ ရှိနေတာကြောင့် ယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင်လက်ထက်မှာ ထိပ်တန်း တိုက်စစ်ကစားသမားတစ်ဦး ခေါ်ယူပေးသွားဖို့ ရှိနေပြီး ဒီထဲမှာ အန်ကွန်ကူပါ ပါဝင်နေတာ ဖြစ်ပါတယ်။