ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ရာသီကုန်မှာ လက်လွှတ်ရမယ့် အနေအထားကြောင့် လာမယ့်ဘောလုံးရာသီမှာ ကွင်းလယ် ကစားသမား နှစ်ဦး သို့မဟုတ် သုံးဦးခန့်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာတော့ သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမားတွေထဲမှာ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ ရမ်ဆေးလည်း ပါဝင်လာတယ်လို့ သိရပါတယ်။

Photo Credit: Metro.com

အသက်၂၉နှစ်အရွယ် ကွင်းလယ်လူ ရမ်ဆေးဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာမှ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူပါ။ လက်ရှိ ဘောလုံးရာသီမှာတော့ ရမ်ဆေးဟာ ဂျူဗင်တပ် မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပြီး လူစားဝင် ကစားသမားအဖြစ်သာ ကစားနေခဲ့ရကာ ခီဒီယာ ၊ ပီဂျာနစ် ၊ ဘန်တန်ကာ ၊ မာတွီဒီတို့ရဲ့ပြီးမှသာ ဆာရီရဲ့ ဦးစားပေးကွင်းလယ်လူ စာရင်းမှာ ပါဝင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

ဒါ့ကြောင့်လည်း ကွင်းလယ်လူ ဖောင်းပွနေမှုကို ဖြေရှင်းဖို့အတွက် ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူတချို့ကို ရောင်းထုတ်မယ့် အစီအစဉ်ထဲမှာ ရမ်ဆေးဟာ ပါဝင်နေခဲ့တာ ဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ ရာသီကုန်မှာ ရမ်ဆေးကို အသင်းပြောင်းလိုက ပြောင်းရွှေ့ခွင့် ပေးမှာ ဖြစ်တယ်လို့ အီတလီသတင်းစာတွေရဲ့ အဆိုအရ သိရပါတယ်။

Photo Credit: Metro.com

အင်္ဂလန်သတင်းမီဒီယာတွေရဲ့ အဆိုအရ မန်ယူအသင်းဟာ ရမ်ဆေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာကြောင်းနဲ့ ရမ်ဆေးကို ပေါင် ၂၀သန်းနဲ့ ခေါ်ယူခွင့်ရှိပါက ခေါ်ယူလိုကြောင်း ဂျူဗင်တပ်အသင်းထံ အသိပေးထားတယ်လို့ သိရှိရပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေက ရမ်ဆေးဟာ ပေါ့ဘာကို ခေါ်ယူမယ့် ဂျူဗင်တပ် ရဲ့ အစီအမံမှာ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင် ဖွယ် ရှိတယ်လို့ သုံးသပ်ထားကြပါတယ်။