မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပါတီဇန်ဘဲလ်ဂရိတ်အသင်းရဲ့ဆာဘီးယား လူငယ်တောင်ပံကစားသမားလေး စတီဖန်နိုဗစ်ကို ခေါ်ယူဖို့အတွက် အလွန်နီးစပ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို အခုလည်း မိုနာကိုအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမားလေး ဘင်ဝိုက်ဘာယက်ရှီလီကိုပါ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေခဲ့တယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်နောက်ခံကစားသမားလေး ဘာယက်ရှီလီဟာ မိုနာကိုလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ အရည်အသွေးမြင့် နောက်ခံကစားသမားလေးဖြစ်ပြီး ၂၀၁၈ခုနှစ်ကပဲ မိုနာကိုစီနီယာအသင်းအတွက် စတင်ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မိုနာကိုအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၀) ပါဝင်ကစားခဲ့ထားတဲ့ ဘာယက်ရှီလီဟာ ဥရောပထိပ်သီးအသင်းများစွာရဲ့ ပစ်မှတ်ဖြစ်လို့နေပြီး လက်ရှိမှာက အသင်းအားလုံးထက် ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူသွားဖို့ အခြေအနေအကောင်းဆုံး ဖြစ်လို့နေတယ်လို့ Le10 Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီပြင်သစ်လူငယ်နောက်ခံလူလေးကို ချယ်လ်ဆီးအသင်းကနေ စတင်စိတ်ဝင်စားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့(၄)နှစ်လောက်ကတည်းက ချယ်လ်ဆီးရဲ့နည်းစနစ်ဒါရိုက်တာ အန်မာနလိုက ဘာယက်ရှီလီရဲ့ခြေစွမ်းကောင်းတွေကို သတိထားမိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်လောက်ကလည်း ဒီကစားသမားလေးကို ခေါ်ယူနိုင်ဖို့အတွက် လေဗာကူဆင်အသင်းဘက်ကနေ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ချယ်လ်ဆီး လေဗာကူဆင်အသင်းတို့ထက် ယူနိုက်တက်ရဲ့ချိတ်ဆက်မှုက အောင်မြင်မှုရလုနီးပါး ဖြစ်နေခဲ့ရပြီး ဘာယက်ရှီလီရဲ့ကစားဟန်ကလည်း ယူနိုက်တက်အသင်းရဲ့ကစားပုံစံနဲ့ အံ့ဝင်ခွင်ကျ ဖြစ်လာနိုင်တယ်လို့ပါ သတ်မှတ်ခံနေရပါတယ်။ ယူနိုက်တက်ဟာ နွေစျေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကိုပဲ ဦးစားပေးကမ်းလှမ်းခဲ့တာဖြစ်ပြီး ဆန်ချိုရဲ့ပြောင်းရွှေ့ကြေးမြင့်မားမှုကြောင့် ခေါ်ယူဖို့က မဖြစ်နိုင်တော့ပဲ တခြားတောင်ပံကစားသမားတွေကိုသာ ခေါ်ယူရဖွယ် ရှိနေပါတယ်။ တကယ်လို့ ဘာယက်ရှီလီနဲ့ အပြောင်းအရွှေ့ကိစ္စ အဆင်မပြေခဲ့ရင်လည်း လိုင်လီအသင်းကနေ ထွက်ခွာသွားတော့မယ့် ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို ကမ်းလှမ်းဖွယ်ရှိနေပါတယ်။