ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကြီးဆီကို တစ်ကျော့ပြန်တန်းတတ်လာနိုင်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ရှ်ကတော့ သူရဲ့ပထမဦးဆုံး ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေပြီး သွင်းဂိုးတွေရော ဂိုးဖန်တီးမှုတွေကိုပါ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ဂရီးလစ်ရ်ှကို မန်ချက်စတာယူနိုက်တက်အသင်းအပါအဝင် အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလို့နေပြီး အခုလည်း အဲဗာတန်အသင်းကပါ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်ဆိုကာ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit : Aawat

အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်တိုက်စစ် တောင်ပံတိုက်စစ်ကစားသမား ဂရီးလစ်ရှ်ဟာ အက်စတွန်ဗီလာလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ကာ ၂၀၁၂ခုနှစ်ကနေစတင်ပြီး သူရဲ့အက်စတွန်ဗီလာ စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းအတွက် ပုံမှန်ခြေစွမ်းပြထားနိုင်တဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ယူနိုက်တက် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကနေ လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ အသင်းအားလုံးမှာတော့ ယူနိုက်တက်အသင်းက ဂရီးလစ်ရှ်ကို စိတ်ဝင်အစားဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

Photo Credit : Football Insider

အင်္ဂလန်မှာမွေးဖွားခဲ့ပေမယ့် သူရဲ့ဘိုးဘွားတွေက အိုင်းရစ်လူမျိုးတွေဖြစ်နေတာကြောင့် အိုင်ယာလန်လက်ရွေးစင်အသင်းအတွက်ကိုသာ ပါဝင်ကစားပေးဖို့ပဲ စဉ်းစားထားတဲ့ ဂရီးလစ်ရှ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဗီလာအသင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖွယ်ရှိနေပေမယ့် Football Insider ကနေ ဖော်ပြချက်တွေအရ အပြောင်းအရွှေ့မဖြစ်ခင် အဲဗာတန်အသင်းကပါ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာကြောင့် ယူနိုက်တက်နဲ့ အဲဗာတန်တို့ကြား အပြိုင်အဆိုင်တွေဖြစ်လာနိုင်ပြီး အဲဗာတန်က ဂရီးလစ်ရှ်ကို Main Target အဖြစ် သတ်မှတ်ထားဖွယ်တောင် ရှိနေပါတယ်။ ယူနိုက်တက်ကလည်း လာမယ့်ရာသီမှာ ပေါလ်ပေါ့ဘာကို ဆုံးရှံးရဖွယ်ရှိနေတဲ့အတွက် ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ဂရီးလစ်ရှ်ကို ပစ်မှတ်ထားနေတာဖြစ်ပေမယ့် ဂရီးလစ်ရှ်ရဲ့ မကြာသေးခင်ကမှ ကျူးလွန်ခဲ့တဲ့ စည်းကမ်းချိုးဖောက်မှုတွေကြောင့် ခေါ်ယူဖို့အရေး ပြန်လည်တွေးတောဖွယ်ရှိနေကာ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်ကိုပဲ ခေါ်ယူဖွယ်ရှိနေပါတယ်။