အသင်းအတွက် သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာတော့ အသင်းနဲ့ လမ်းခွဲသွားဖို့သာ ရှိလို့နေတဲ့ ဝါရင့်တိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် တိုက်စစ်ကစားသမားတွေ ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ ဆလားဗီးယားပရပ်ဂ်အသင်းရဲ့ တိုက်စစ်မှူးအက်ဒလက်ဆီမာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Eurosport

အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် ဆီနီဂေါတိုက်စစ်ကစားသမား ဆီမာဟာ ချက်ကလပ် ဆလားဗီးယားပရပ်ဂ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြနေသူဖြစ်ပြီးတော့ လက်စတာစီးတီးအသင်းနဲ့ ယူရိုပါလိဂ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အရပ်(၆)ပေ(၂)လက်မခန့် မြင့်မားတဲ့ ဆီမာဟာ ညာခြမ်းတိုက်စစ်နေရာမှာ အဓိကပါဝင်ကစားတတ်သူ ဖြစ်ပေမယ့်လည်း အထောင်တိုက်စစ်နေရာမှာရော ဘယ်ခြမ်းမှာပါ ပါဝင်ကစားတတ်သူဖြစ်ပါတယ်။ သူရဲ့တိုက်စစ်ကစားဟန်ကြောင့် အာဆင်နယ်ဂန္တဝင် တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီလက်သစ်လို့ တင်စားခံနေရသူလည်းဖြစ်ပါတယ်။

Photo Credit : The Guardian

ဒီနှစ်ဘောလုံးရာသီမှာ ဆလားဗီယားအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၁၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဆီမာကို ယူနိုက်တက်အပြင် အာဆင်နယ် ဝက်စ်ဟမ်းတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး ဝက်စ်ဟမ်းကတော့ ဆီမာရဲ့ အသင်းဖော်ဟောင်း ဆူရှက်ခ်ရဲ့ အကူအညီနဲ့ ဆီမာကို ခေါ်ယူသွားဖို့ ကြိုးပမ်းနေပါတယ်။ အာဆင်နယ်အသင်းကလည်း သူတို့အသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ဆုံတွေ့ခဲ့ရတဲ့ ဆလားဗီးယားအသင်းက တိုက်စစ်မှူးလေးဆီမာကို အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဆီမာကို ဒီအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ လက်ရှိ ယူနိုက်တက်မှာ တိုက်စစ်အားသန်တဲ့ တောင်ပံကစားသမားတွေ များစွာရှိနေတယ်ဆိုပေမယ့် ဆီမာကိုတော့ အသင်းရဲ့ အထောင်တိုက်စစ်နေရာမှာသာ အသုံးသွားမှာဖြစ်ပြီး လူငယ်ကစားသမားတွေကို ဦးစားပေးခေါ်ယူချင်တဲ့ နည်းပြဆိုးရှားလ်ရဲ့ ပေါ်လစီနဲ့လည်း အဆင်ပြေနိုင်ပါတယ်။ ဆီမာရဲ့လက်ရှိတန်ကြေးက ယူရို(၁၁)သန်းခန့်သာ ရှိနေပေမယ့် အနည်းဆုံး ယူရို(၂၅)သန်းလောက်နဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။