ပြီးခဲ့တဲ့ ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီဂန်နာ ဆိုးလ်ရှား ဟာ သူ့စိတ်ကြိုက် ကစားပုံတစ်မျိုးထဲကို အသုံးပြုခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် လူစာရင်းကို ကြိုတင်ခန့်မှန်းဖို့ တော်တော်လေး လွယ်ကူခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိ ဘောလုံးရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက် လူစာရင်းဟာ တစ်ပွဲနဲ့တစ်ပွဲ မတူညီပဲ ပီအက်စ်ဂျီအသင်းနဲ့ ပွဲစဉ် ၊ လိုက်ပ်ဇစ် အသင်းနဲ့ပွဲစဉ် ၊ အာဆင်နယ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ အတော်လေး ကွဲလွဲခဲ့တာကို မြင်တွေ့ခဲ့ ရပါတယ်။

Photo Credit: Express

ယူနိုက်တက်တို့ အနေနဲ့ ဒီရာသီမှာ ပုံစံကောင်းရရှိဖို့ အတွက် ကြိုးစားနေရတုန်း ဖြစ်ပေမယ့် သူတို့အသင်းမှာ မတူညီတဲ့ ပုံစံနဲ့ ရွေးချယ်စရာ အများကြီး ရှိနေသေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ ယနေ့ညမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမယ့် အစ္စတန်ဘူလ် အသင်းရဲ့ နည်းပြ အိုကန်ဘုရု ကတော့ ယူနိုက်တက်အသင်း အနေနဲ့ ပြိုင်ဘက် အသင်းနည်းပြတွေကို ဘယ်လိုပုံစံနဲ့ ကစားမယ် ၊ ဘယ်လို ပုံစံနဲ့ ပွဲထွက်လာမယ်ဆိုတာကို ခန့်မှန်းဖို့ ခက်ခဲတယ်လို့ ဆိုလိုက်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အစ္စတန်ဘူလ်အသင်းတို့ဟာ Group Hရဲ့ ထိပ်ဆုံးနဲ့ အောက်ဆုံးမှာ ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်ကြပြီး ယနေ့ည ပွဲစဉ်မှာ နှစ်သင်းစလုံးဟာ ရလဒ်ကောင်း တစ်ခု ရရှိဖို့ လိုအပ်နေကြပါတယ်။

Photo Credit: Express

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက် လူစာရင်းကို ခန့်မှန်းရခက်တဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး အိုကန်ဘရုက “မန်ချက်စတာ ယူနိုက်တက် အသင်းက ၄-၂-၃-၁ နဲ့ ကစားတတ်တဲ့ အသင်းပါ။ ပြီးခဲ့တဲ့ အပတ်က ၄-၃-၁-၂ ပုံစံနဲ့လည်း သူတို့ ကစားခဲ့သေးတယ်။ သူတို့ ဒီပုံစံကို လိုက်ပ်ဇစ်အသင်းနဲ့ပွဲ ၊ ပီအက်စ်ဂျီအသင်းနဲ့ လိဂ်ပွဲတစ်ခုမှာလည်း အသုံးပြုခဲ့တယ်။ ကျွန်တော်ကတော့ ပွဲထွက်လူစာရင်းက ထပ်ပြောင်းလိမ့်အုန်းမယ်လို့ ထင်တယ်။ သူတို့မှာ တော်တော်လေး အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်ပုံစံနဲ့ကိုယ်ပဲ ပွဲကို ကစားသွားမှာပါ” လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့တာပါ။