ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က မကြာခင်မှာ အသင်းပြောင်းတော့မယ့် ဒုတိယ ဂိုးသမား ဟန်ဒါဆန်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဘင်ဖီကာ ဂိုးသမား ဗလာချိုဒီမို့စ်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒုတိယ ဂိုးသမား ဟန်ဒါဆန်က ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ခရစ္စတယ် ပဲလေ့စ်တို့ဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေသူ ဖြစ်ပြီး ယူနိုက်တက်က ဟန်ဒါဆန်အတွက် ပဲလေ့စ်နဲ့ တရားဝင် ဆွေးနွေးမှုတွေလည်း လုပ်ထားပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဟန်ဒါဆန် ထွက်သွားရင် အသင်းရဲ့ ဒုတိယ ဂိုးသမားနေရာကို တာဝန်ယူမယ့် ဂိုးသမားသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး ဘင်ဖီကာရဲ့ ဂိုးသမား ဗလာချိုဒီမို့စ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်၁ ပစ်မှတ်ပဲ ဖြစ်ပါတယ်။

အသက် ၂၉နှစ် အရွယ် ဂရိလက်ရွေးစင် ဂိုးသမား ဗလာချိုဒီမို့စ်က ၂၀၁၈ခုနှစ်မှာ ပင်နသီနာကို့စ် ကနေ ဘင်ဖီကာထံ ပြောင်းရွှေ့ကြေး ယူရို ၂.၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ နံပါတ်၁ ဂိုးသမား အဖြစ် လက်စွမ်းပြ ကစားခွင့် ရထားသူ ဖြစ်ပြီး သူက ဘင်ဖီကာအတွက် ပြိုင်ပွဲစုံမှာ ၂၂၅ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုး ၂၁၇ဂိုးသာ ခွင့်ပြုပေးထားရသလို ပေးဂိုးမရှိတဲ့ပွဲ ၉၄ပွဲ အထိ ရယူထားနိုင်ပါတယ်။

Photo Credit: Team Talk

ဗလာချိုဒီမို့စ်က လက်စွမ်းကောင်းတဲ့ ဂိုးသမား တဦး ဖြစ်သလို ဘောလုံးပေးပို့ရာမှာ ထူးချွန်တာကြောင့် ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်မှာလည်း အံဝင်ခွင်ကျ ကစားနိုင်သူ ဖြစ်ပြီး ဘင်ဖီကာကတော့ သူ့ရဲ့ တန်ကြေးကို ယူရို ၂၀သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဗလာချိုဒီမို့စ်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ ဘင်ဖီကာနဲ့ပါ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အကယ်၍ သူတို့ဘက်က ဗလာချိုဒီမို့စ်ကို ခေါ်ယူနိုင်မယ့် အခြေအနေမျိုး ရှိရင် လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဗလာချိုဒီမို့စ် အတွက် တရားဝင် ကမ်းလှမ်းမှု လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။