ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကွင်းလယ်လူ ဇာနီရိုလိုကို ခေါ်ယူဖို့ စုံစမ်း မေးမြန်းမှုတွေ ပြုလုပ်ထားကြောင်း ရိုးမားနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ပေါ့ဘာ ၊ မာတာ ၊ မာတစ် စတဲ့ ကစားသမားတွေကို လက်လွှတ်ရဖို့ နီးစပ်နေတာကြောင့် ဗဟို ကွင်းလယ်လူ တဦးနဲ့ ကွင်းလယ်ခံစစ် ကစားသမား တဦးတို့ကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit: The Sun

အသက် ၂၂နှစ် အရွယ် အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဇာနီရိုလိုဟာ ညာတောင်ပံနဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး ဘောလုံးအရည်အသွေး မြင့်မားကာ ခေါင်းဆောင်နိုင်စွမ်း ပြည့်ဝတာကြောင့် ရိုးမားရဲ့ ဂန္တဝင် ကစားသမားကြီး တော့တီနဲ့ ခိုင်းနှိုင်းခံထားရသူလည်း ဖြစ်ပါတယ်။

ဇာနီရိုလိုဟာ ယခုနှစ် ဘောလုံးရာသီမှာလည်း ရိုးမားအတွက် မရှိမဖြစ် ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်ပေမယ့် အသင်းရဲ့ ဆုဖလားတွေကို မစိန်ခေါ်နိုင်ခြင်း ၊ ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်းတို့ အပေါ် အတော်လေး စိတ်ပျက်နေပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာသာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါက အသင်းကနေ ထွက်ခွာဖို့ အထိ စဉ်းစားထားသူပါ။

Photo Credit: The Sun

လက်ရှိမှာတော့ ရိုးမားကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ဇာနီရိုလိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေ အနက် မန်ချက်စတာ ယူနိုက်တက်က ဇာနီရိုလိုရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း ရိုးမားနဲ့ နီးစပ်တဲ့ AS Roma Live သတင်းဌာနက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဇာနီရိုလိုကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်ခဲ့တဲ့ အသင်းတသင်း ဖြစ်ပြီး အကယ်၍ ဇာနီရိုလိုကသာ ရိုးမားအသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါက ဇာနီရိုလို အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ရှိနေကြောင်းလည်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Witness သတင်းဌာနက ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြလာခဲ့ပါတယ်။