ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကွင်းလယ်ဗဟို နေရာအတွက် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် အကယ်၍ ဒီဂျောင်ကိုသာ မခေါ်နိုင်ခဲ့ရင် ပေါ်တိုရဲ့ အဓိက ကွင်းလယ်လူ ဗီတင်ညာကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေ အားလုံးက တညီတညွတ်ထဲ ဖော်ပြသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ့ဘာ ၊ မာတစ်နဲ့ မာတာတို့ကို လက်လွှတ်ထားရတာကြောင့် ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ဘာစီလိုနာဘက်က ဒီဂျောင်အတွက် အသားတင် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း အထိ လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ဘက်က ဒီဂျောင်ကို ခေါ်ယူဖို့ အတွက် အနည်းငယ် အခက်တွေ့နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ကလည်း သူ့အတွက် ကွင်းလယ်လူသစ် တဦးကို ရာသီကြိုကာလ မစတင်မီမှာ လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒီဂျောင်ကိုသာ မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကစားသမားတွေကို စတင် ရှာဖွေနေပါတယ်။

အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် အဲလက်စ်ကွတ်ခ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ပေါ်တိုရဲ့ အဓိက ကွင်းလယ်လူ ဗီတင်ညာကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၄၀သန်း ပေးချေကာ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဗီတင်ညာကလည်း သူ့အတွက် သင့်တော်မယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဗီတင်ညာက ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပေမယ့် ကွင်းလယ်ဗဟိုနဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တိုအတွက် ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဗီတင်ညာက အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်လူ တဦး ဖြစ်သလို သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၄၀သန်းသာ ရှိတာကြောင့် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ နာမည်ကြီးအသင်းတွေ အများအပြား ရှိနေပြီး အဆိုပါအသင်းတွေ အနက် ပရီးမီးယားလိဂ် ကလပ်တွေလည်း ပါဝင်နေကြောင်း နာမည်ကြီး ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေက ဆိုကြပါတယ်။