ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု တရပ်အနေနဲ့ လက်စတာရဲ့ ဝါရင့် တိုက်စစ်မှူး ဗာဒီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ရှိ လူစာရင်းထဲမှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူက ရိုနယ်ဒိုနဲ့ မာရှယ်တို့ နှစ်ဦးထဲသာ ရှိသလို ရိုနယ်ဒိုရဲ့ အနာဂတ်ကလည်း မရေရာ မသေချာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားနေကြတာပါ။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ရက်ဘူးလ် ဆဲလ်ဘက်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေသလို တဖက်မှာလည်း ယူနိုက်တက်ရဲ့ ကင်းထောက်တွေက အကယ်၍ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုသာ ထွက်ခွာသွားခဲ့ရင် သူ့ရဲ့နေရာကို အစားဝင်နိုင်မယ့် အရန် တိုက်စစ်မှူး တဦးကို ဆက်လက် ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းထောက် ဂျရေမီ ဘိုင်လေရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က လက်စတာ စီးတီးရဲ့ ဝါရင့် တိုက်စစ်မှူး ဗာဒီရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ လိုအပ်လာမယ် ဆိုရင် ဗာဒီကို ချက်ချင်း ကမ်းလှမ်းဖို့ အစီအစဉ် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၃၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဗာဒီက လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တာကြောင့် အနာဂတ် မရေမရာ ဖြစ်နေသူ ဖြစ်ပြီး အကယ်၍ ယူနိုက်တက်ကသာ ဗာဒီကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ် ဆိုရင် ဗာဒီဘက်က ကမ်းလှမ်းမှုကို ချက်ချင်း လက်ခံဖွယ် ရှိကြောင်း နီးစပ်တဲ့ လူတွေက ပြောကြားထားကြပါတယ်။

လက်စတာ စီးတီးကတော့ သူတို့ရဲ့ ဝါရင့် တိုက်စစ်မှူး ဗာဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။