MySport Myanmar

ရိုနယ်ဒိုကို လက်လွှတ်ရရင် ဘရန့်ဖို့ဒ်ကြယ်ပွင့် တိုနေးကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကိုသာ လက်လွှတ်လိုက်ရရင် ရိုနယ်ဒိုရဲ့ နေရာအတွက် ဘရန့်ဖို့ဒ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အင်္ဂလန် တိုက်စစ်မှူး တိုနေးကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြန်လည် ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားသူပါ။

Photo Credit: Team Talk

လက်ရှိမှာတော့ ဥရောပ ထိပ်သီးအသင်း အတော်များများက အကျပိုင်း ရောက်နေတဲ့ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ခက်ခဲနေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ရိုနယ်ဒိုကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်နေပေမယ့် ရိုနယ်ဒို ထွက်ခွာသွားရင် တိုက်စစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိသူက မာရှယ်နဲ့ ရက်ဖို့ဒ်တို့သာ ရှိတာကြောင့် အစားထိုးမယ့် အရန်တိုက်စစ်မှူး တဦးကို ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒိုသာ အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင် သူ့ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘရန့်ဖို့ဒ်ကတော့ တိုနေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

အသက် ၂၆နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက ပီတာဘရော့ဒ်ကနေ ဘရန့်ဖို့ဒ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅.၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ အတွက် အဆင့်မီ တိုက်စစ်မှူး တဦး ဖြစ်ကြောင်းကို သက်သေပြထားနိုင်သူ ဖြစ်ကာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။

တိုနေးကတော့ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်တွေကို ပိုင်ဆိုင်ထားချိန်မှာ ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး မန်ချက်စတာ ယူနိုက်တက်ကသာ သူ့ကို ကမ်းလှမ်းလာရင် ကမ်းလှမ်းမှုကို လက်ခံဖို့ အဆင်သင့် ရှိနေကြောင်းလည်း နီးစပ်သူတွေက ဆိုထားကြပါတယ်။

Exit mobile version