ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က မကြာသေးမီကပဲ ဘရာဇီးလ်အသင်း အတွက် ရွေးချယ်ခံခဲ့ရတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဗစ်တာ ရိုကွေးကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်ထံ ချိတ်ဆက်မှု တချို့ ပြုလုပ်ခဲ့ကြောင်း ဘရာဇီးလ် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဗစ်တာ ရိုကွေးက ယခုနှစ် ဘောလုံးရာသီ အစကမှ ခရူဇီယို ကနေ ဘရာဇီးလ် နာမည်ကြီးကလပ် အက်သလက်တီကိုဆီ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက အက်သလက်တီကိုဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ရိုကွေးက အက်သလက်တီကို အတွက် စုစုပေါင်း ၁၉၇၃ မိနစ် ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူဟာ ၁၄၀ မိနစ်တိုင်းမှာ အသင်းအတွက် ၁ဂိုး ရအောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်ကာ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ လူငယ်တိုက်စစ်မှူး တဦး အတွက် အတော်လေးကို အားရစရာ ကောင်းပါတယ်။

ဒါ့အပြင် ရိုကွေးက ဘရာဇီးလ် ယူ-၂၁အသင်း အတွက် ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့တာကြောင့် ဘရာဇီးလ်အသင်းက သူ့ကို အသင်းကြီးဆီ ခေါ်ကာ မော်ရိုကိုနဲ့ပွဲမှာ ကစားခွင့်ပေးခဲ့ပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက ရိုကွေးကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် ရိုကွေးကို ခေါ်ယူဖို့ ခက်ခဲနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဘာစီလိုနာရဲ့ အခက်အခဲကို အသုံးချကာ ရိုကွေးကို ကြားဖြတ် ခေါ်ယူဖို့ စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

ဘရာဇီးလ် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ဂလိုဘိုရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယမန်နေ့မှာပဲ ရိုကွေးရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ရိုကွေးကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကြောင်း သိရပါတယ်။