ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဟော့ဖန်ဟိမ်းနဲ့အတူ တောက်ပနေတဲ့ ဘယ်နောက်ခံလူ ဒေးဗစ် ရာအွန်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ စတင် ပြုလုပ်နေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

နည်းပြအပြောင်းအလဲ လုပ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကစားသမား အတော်များများကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားသလို ဖီးလ်ဂျုံးစ် ၊ ဘိုင်လီ ၊ မာရှယ် ၊ ဘစ္စကာ စတဲ့ ကစားသမားတွေကိုလည်း အရောင်းစာရင်း တင်ထားပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းထံ ကစားသမားသစ် အနည်းဆုံး ၄ဦးခန့်ကို ခေါ်ယူဖို့ စီစဉ်ထားပြီး သူတို့အသင်းရဲ့ လျာထား ကစားသမား စာရင်းထဲမှာ ဘယ်နောက်ခံလူသစ် တဦး ခေါ်ယူမယ့် အစီအစဉ် မပါဝင်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က ဟော့ဖန်ဟိမ်းရဲ့ ဘယ်နောက်ခံလူ ရာအွန်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမန် လက်ရွေးစင် ဘယ်နောက်ခံလူ ဒေးဗစ် ရာအွန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဟော့ဖန်ဟိမ်းနဲ့အတူ အတော်လေး ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားကောင်း တဦး ဖြစ်ကာ ဟော့ဖန်ဟိမ်း အတွက် ပြိုင်ပွဲစုံ ၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ ၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က ရာအွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဒေါ့မွန်ရဲ့ တာဝန်ရှိသူတွေက ရာအွန်ရဲ့ အပြောင်းအရွှေ့ အတွက် သူ့ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေပါ ပြုလုပ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရှရင်ဂါရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ရာအွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ရာအွန်အတွက် စုံစမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။