ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းကို အင်အားမြှင့်တင်ဖို့ အတွက် ဘင်ဖီကာနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒို ၊ ကာဗာနီ ၊ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဂရင်းဝုဒ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ကာဗာနီ ၊ မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အနာဂတ်တွေက မသေချာတော့သလို ရိုနယ်ဒို ၊ ရက်ဖို့ဒ် စတဲ့ ကစားသမားတွေကလည်း ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေတာကြောင့်ပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo Credit: Express

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူနက်ဇ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး အရပ်အမောင်း မြင့်မားကာ တိုးအား ရုန်းအားကောင်းသလို မြန်နှုန်းမြင့် ကစားဟန်ကို နှစ်သက်သူ တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကင်းထောက်အဖွဲ့ရဲ့ သဘောကျ နှစ်သက်ခြင်းကို ခံနေရသူ တဦးပါ။

နူနက်ဇ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၃၆ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၁ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်တာကြောင့် ဘင်ဖီကာဘက်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဘင်ဖီကာက နူနက်ဇ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ ပီအက်စ်ဂျီ ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေက နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်က နူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေနဲ့ နူနက်ဇ်ရဲ့ အေးဂျင့်တို့ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။