ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇက် ကွင်းလယ်လူ အန်ကွန်ကူကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့် လေ့လာမှုတွေ ပြုလုပ်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူ အန်ကွန်ကူဟာ ကွင်းလယ်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ နံပါတ်၈ နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး တိုးအား ရုန်းအား ကောင်းမွန်သလို ဘောလုံးအမြင်လည်း စူးရှသူ ဖြစ်ပါတယ်။

Photo Credit: ESPN

အန်ကွန်ကူဟာ ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇက် အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

ဒါကြောင့်ပဲ ဥရောပရဲ့ ထိပ်သီးအသင်းတွေက အန်ကွန်ကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ အန်ကွန်ကူကို ခေါ်ယူဖို့ အလွန်အမင်း စိတ်ဝင်စားနေကာ ယူနိုက်တက် ဘုတ်အဖွဲ့ အတွင်းမှာ အန်ကွန်ကူရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေပါ ရှိနေကြောင်း သိရပါတယ်။

Photo Credit: ESPN

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြလည်းဖြစ် ၊ ရာသီကုန်မှာ အတိုင်ပင်ခံ အဖြစ် ပြောင်းလဲလုပ်ကိုင်မယ့် ရန်းဂ်နစ်ဟာ အန်ကွန်ကူရဲ့ ခြေစွမ်းနဲ့ ကစားပုံကို သဘောကျနေကာ ဘယ်လိုနည်းပြမျိုးမဆို အန်ကွန်ကူကို နှစ်သက်မယ်လို့လည်း ယုံကြည်ထားကြောင်း ESPN သတင်းဌာနက ဆိုပါတယ်။

လိုက်ပ်ဇက်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ အန်ကွန်ကူကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် အကယ်၍ အန်ကွန်ကူကသာ စာချုပ်သစ် မချုပ်ခဲ့ရင် အန်ကွန်ကူကို ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာပဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း ဂျာမန် အခြေစိုက် သတင်းထောက်တွေက ပြောပြထားကြပါတယ်။