MySport Myanmar

အမ်ဘာပေကို ခေါ်ယူဖို့ ပီအက်စ်ဂျီထံ ဆက်သွယ်မှုတွေ လုပ်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူရန် စုံစမ်းမှုတွေ ပြုလုပ်လာကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်က ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပေမယ့် အမ်ဘာပေနဲ့ ပီအက်စ်ဂျီတို့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်သာ သက်တမ်း ကျန်တော့သလို အမ်ဘာပေကလည်း ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: The Sun

ပီအက်စ်ဂျီက အမ်ဘာပေကို စာချုပ်ထဲမှာ ပါတဲ့ ၁နှစ် သက်တမ်းတိုးခွင့်ကို အသက်သွင်းကာ အသင်းမှာ နောက်ထပ် ၁ရာသီ ထပ်ကစားပြီး ၂၀၂၄ခုနှစ်မှ အသင်းပြောင်းဖို့ စည်းရုံးခဲ့ပေမယ့် အမ်ဘာပေကတော့ စာချုပ်သက်တမ်း တိုးဖို့ စိတ်ကူးမရှိကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပီအက်စ်ဂျီက အမ်ဘာပေကို ယခုလမကုန်ခင်မှာ စာချုပ်သက်တမ်း မတိုးရင် အသင်းကနေ ရောင်းထုတ်မယ်လို့ ရာဇသံ ပေးထားသလို ပီအက်စ်ဂျီက အမ်ဘာပေကို အရောင်းစာရင်း တင်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တရားဝင် ကြေညာခဲ့ပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒန်ကန် ကတ်စတယ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အမ်ဘာပေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယနေ့ညနေမှာပဲ ပီအက်စ်ဂျီထံ ဆက်သွယ်ကာ အမ်ဘာပေရဲ့ အပြောင်းအရွှေ့ အတွက် စုံစမ်းမှုတွေ လုပ်ခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်က အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၃၀၀သန်းနဲ့ ကမ်းလှမ်းမှု လုပ်ထားပြီး ပီအက်စ်ဂျီက အယ် ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် အမ်ဘာပေကတော့ ဆော်ဒီမြေဆီ သွားကစားဖို့ စိတ်ကူးမရှိပဲ ပီအက်စ်ဂျီကနေ မဖြစ်မနေ ထွက်ခွာရရင်တောင် ဥရောပမြေမှာပဲ ဆက်ကစားသွားမှာပါ။

Exit mobile version