ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာတော့တဲ့ ဂျာမန် တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီကို ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရိုနယ်ဒို ၊ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဆန်ချို စတဲ့ တိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ဆန်ချိုနဲ့ ရက်ဖို့ဒ် နှစ်ဦးထဲကသာ တောင်ပံတိုက်စစ် နေရာမှာ ကစားနိုင်စွမ်း ရှိတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အေဂျက်ရဲ့ တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပေမယ့် အေဂျက်ဘက်က အန်တိုနီ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် လိုချင်နေတာကြောင့် အန်တိုနီကို မခေါ်နိုင်ခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကစားသမားတွေကို စတင် ရှာဖွေနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အန်တိုနီကို မခေါ်နိုင်ခဲ့ရင် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေ ဖြစ်နေတဲ့ ဂနာဘရီကို ပြောင်းလဲ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂနာဘရီကလည်း သူ လိုချင်တဲ့ ပုံမှန် ပွဲထွက်ခွင့်နဲ့ လုပ်ခလစာတွေ ရရှိဖို့ ဘိုင်ယန်မြူးနစ်ကို ယခု နွေဈေးကွက်မှာတင် စွန့်ခွာဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီက ဘွန်ဒက်လီဂါရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ကာ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ ၄၅ပွဲ ပါဝင် ကစားပေးခဲ့ရာ ၁၇ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဂနာဘရီနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်ကျော်သာ ကျန်တော့တာကြောင့် ဘိုင်ယန်မြူးနစ်ကလည်း ဂနာဘရီအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် လက်ခံ ဆွေးနွေးဖို့ ပြင်ဆင်နေပြီး ဘိုင်ယန်မြူးနစ်က ဂနာဘရီအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား လိုချင်နေတယ်လို့ နာမည်ကြီး ဂျာမန် သတင်းထောက် ဖော့ခ်က ဆိုပါတယ်။