MySport Myanmar

ဘရန့်ဖို့ဒ်နည်းပြ ဖရန့်ကို နည်းပြလောင်းစာရင်းထဲ ထည့်သွင်းလိုက်တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေရာ သူတို့ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ဘရန့်ဖို့ဒ်နည်းပြချုပ် သောမတ်စ် ဖရန့်ကိုပါ ထည့်သွင်းထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိမှာ နယ်သာလန်နည်းပြ အဲရစ် တန်ဟက်ဂ်ကို သူတို့အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ပေးထားပေမယ့် ပူးတွဲအသင်းပိုင်ရှင်သစ် INEOSက အသင်းရဲ့ ထိပ်ပိုင်းခေါင်းဆောင် အများအပြားကို ပြောင်းလဲပြီးနောက် နည်းပြနေရာကိုပါ ပြောင်းလဲဖို့ စဉ်းစားနေပါတယ်။

Photo Credit: Goal

အဲရစ် တန်ဟက်ဂ်က ၁နှစ်ကျော် ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ကာရာဘောင်း ဆုဖလား တလုံး ရယူပေးထားပေမယ့် ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ဥရောပဝင်ခွင့် ရဖို့ မသေချာသေးပဲ အကယ်၍ ဥရောပဝင်ခွင့်နဲ့သာ လွဲချော်ခဲ့မယ် ဆိုရင် INEOSက တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖွယ် ရှိနေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က တန်ဟက်ဂ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတွေကို လိုက်လံ စာရင်းပြုစုနေပြီး ဂျာမဏီနည်းပြ နစ်ဂယ်စမန်း ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီ ၊ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း ပေါ်တာတို့က ယူနိုက်တက်ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Football Transfer

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ နာမည်ကြီးသတင်းထောက် တဲဘော့တ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့က ဘရန့်ဖို့ဒ်ကို ကာလရှည် ကိုင်တွယ်ခဲ့သလို တိုနေး ၊ အမ်ဘွေမို ၊ ဝစ်ဆာ စတဲ့ ကစားသမားတွေကို စင်တင်ပေးထားနိုင်တဲ့ နည်းပြချုပ် သောမတ်စ် ဖရန့်ကို သူတို့ရဲ့ နည်းပြလောင်းစာရင်းထဲ ထည့်သွင်းထားကြောင်း သိရှိရပါတယ်။

သောမတ်စ် ဖရန့်က ယူနိုက်တက်ရဲ့ နည်းပြလောင်းစာရင်းထဲမှာ ပါဝင်နေသလို အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ထက်တောင် ယူနိုက်တက်နည်းပြ ဖြစ်လာဖို့ ပိုမို နီးစပ်နေကြောင်းလည်း တဲဘော့တ်က ထပ်မံ ဖော်ပြထားပါသေးတယ်။

Exit mobile version