ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် အမေရိကန် ဘောလုံးရာသီမှာ ချီကာဂို ဖိုင်းယားနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကိုလံဘီယာ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူး ဒူရမ်က ယခုနှစ် အမေရိကန် ဘောလုံးရာသီမှာ ချီကာဂို ဖိုင်းယားရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေရသူ ဖြစ်ပြီး သူဟာ ချီကာဂို ဖိုင်းယား အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒူရမ်က အထောင်တိုက်စစ်မှူး စစ်စစ် တဦး ဖြစ်ပြီး သူ့ရဲ့ တိုးအား ၊ ရုန်းအားနဲ့ အားပါပြင်းထန်တဲ့ ဘယ်ခြေကန်ချက်တွေကြောင့် လူကာကူ လက်သစ် အဖြစ် တင်စားခံထားရသူ ဖြစ်ပြီး သူ့ရဲ့ တန်ကြေးကတော့ ယူရို ၁၀သန်း ဝန်းကျင်သာ ရှိပါတယ်။

ဒူရမ်ရဲ့ ခြေစွမ်းနဲ့ နည်းပါးလွန်းတဲ့ ပြောင်းရွှေ့ကြေးကြောင့်ပဲ တိုက်စစ်ပိုင်းမှာ အထောင်တိုက်စစ်မှူး စစ်စစ် တဦးကို ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဒူရမ်ရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်ကာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဒူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး မန်ချက်စတာ ယူနိုက်တက်အပြင် လီဗာပူးကလည်း ဒူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ဒူရမ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်မှာပဲ ချီကာဂို ဖိုင်းယားကို စွန့်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လာမယ့် ဆောင်းရာသီအတွင်းမှာ တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူချင်နေတာကြောင့် ဒူရမ်ဟာ တိုက်စစ်မှူးတွေ ပြည့်နေတဲ့ လီဗာပူးထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့လာဖွယ် ရှိနေကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။