MySport Myanmar

အမ်ဘာပေလက်သစ်လို့ နာမည်ကြီးနေတဲ့ လူငယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အင်္ဂလန် လိဂ်ဝမ်းကလပ် ပေါ့တ်ဗေးလ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လူငယ်ကြယ်ပွင့် ဒီပီပါကို ခေါ်ယူဖို့ အတွက် လှုပ်ရှားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် ယူ-၁၇ လက်ရွေးစင် တိုက်စစ်မှူး ဒီပီပါက အင်္ဂလန် ယူ-၁၇အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားနိုင်တဲ့ အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒီပီပါက ပေါ့တ်ဗေးလ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် ဖြစ်ပြီး သူက ဆယ်ကျော်သက် အရွယ်သာ ရှိသေးပေမယ့် အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်သလို လျင်မြန်မှုအပြည့်နဲ့ ကစားတတ်တာကြောင့် ပြင်သစ်ကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေနဲ့ နှိုင်းယှဉ်ခံနေရပါတယ်။

ဒီပီပါက ယခုနှစ် ဘောလုံးရာသီမှာ ပေါ့တ်ဗေးလ်အတွက် လိဂ်ဝမ်းပြိုင်ပွဲမှာ ၃၉၆မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Caught Offside

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အင်္ဂလန်အခြေစိုက် အင်အားကြီးကလပ်တွေက သူတို့ရဲ့ ကင်းထောက်တွေကို စေလွှတ်ကာ ဒီပီပါအား စောင့်ကြည့် အကဲခတ်နေကြပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ ဒီပီပါကို ခေါ်ယူဖို့ အတက်ကြွဆုံး ဖြစ်နေပါတယ်။

နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေ ဖြစ်ကြတဲ့ Daily Mailနဲ့ The Sunတို့ရဲ့ တူညီတဲ့ ဖော်ပြချက်တွေ အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာ ဂျင် ရက်ကလစ်ဖ်က ကြယ်ပွင့် ကစားသမားတွေ ခေါ်ယူမယ့် အစား လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူကာ ပျိုးထောင်ပေးဖို့ ဆုံးဖြတ်ထားတာကြောင့် အမ်ဘာပေလက်သစ်လို့ တင်စားခံထားရတဲ့ ဒီပီပါကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက်မှာပဲ ဒီပီပါ အတွက် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေကြောင်း သိရှိရပါတယ်။

Exit mobile version