ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဝက်စ်ဟမ်းနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး ဘိုဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ရိုနယ်ဒို ၊ ကာဗာနီ ၊ ရက်ဖို့ဒ် ၊ မာရှယ် ၊ ဂရင်းဝုဒ် စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ကာဗာနီက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေသလို မာရှယ်နဲ့ ဂရင်းဝုဒ်တို့ရဲ့ အနာဂတ်တွေကလည်း မရေရာတာကြောင့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၅နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး ဘိုဝင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဝက်စ်ဟမ်းနဲ့ အတူ တောက်ပလာတဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ ကစားသမားဘဝ အမြင့်မားဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ကာ ဝက်စ်ဟမ်းအတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဘိုဝင်ဟာ ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်ပေမယ့် ညာခြေနဲ့လည်း သွင်းဂိုးတွေ သွင်းယူနိုင်သလို တိုးအား ရုန်းအား ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးကလည်း စိတ်ဝင်စားနေပါတယ်။

Photo Credit: Metro

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ အင်္ဂလန် လက်ရွေးစင် ကစားသမား ဖြစ်လာတော့မယ့် ဘိုဝင်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေပြီး တာဝန်ရှိသူတွေက ဘိုဝင်ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့်လေ့လာဖို့ ကင်းထောက်တွေကို စေလွှတ်ထားသလို ဘိုဝင်ရဲ့ အေးဂျင့်တွေနဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။

ဝက်စ်ဟမ်းကတော့ အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်နေသေးတဲ့ ဘိုဝင်ကို ရောင်းထုတ်ဖို့ စိတ်မဝင်စားပေမယ့် ဘိုဝင်က သူ့ရဲ့ ကစားသမား ဘဝကို နောက်ထပ်တဆင့် ထပ်မံ မြှင့်တင်ချင်နေပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ ထိပ်တန်းအသင်း တသင်းကသာ သူ့ကို ခေါ်ယူဖို့ ကြိုးစားလာမယ် ဆိုပါက အသင်းပြောင်းဖို့ စီစဉ်ထားကြောင်း ဝက်စ်ဟမ်းနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။