ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာ အတွက် ဖီယင်နုဂိုးသမား ဘေးလိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ သက်တော်ရှည် နံပါတ်၁ ဂိုးသမား ဒီဂီယာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ မသေချာသလို နည်းပြချုပ် တန်ဟက်ဂ်က ဒီဂီယာအစား ဘောလုံးကိုင် ကစားနိုင်တဲ့ ဂိုးသမား တဦးကို လိုချင်နေတာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အင်တာမီလန် ဂိုးသမား အိုနာနာ အပါအဝင် ဥရောပရဲ့ အရည်အသွေးမြင့် ဂိုးသမားတွေကို လိုက်လံ ရှာဖွေ ချိတ်ဆက်နေပါတယ်။

Photo Credit: Football 365

လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်ပေမယ့် အင်တာမီလန်ဘက်က အိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်းကျော် လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ခေါ်ယူဖို့ တွန့်ဆုတ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂိုးသမား တဦး အတွက် ပေါင် ၅၀သန်းကျော် အထိ မသုံးချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အိုနာနာရဲ့ အရန်ပစ်မှတ် အဖြစ် ဖီယင်နုဂိုးသမား ဘေးလိုကို သတ်မှတ်ပေးခဲ့ပါတယ်။

Photo Credit: Reddit

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဂိုးသမား ဘေးလိုက ဖီယင်နုရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ဂိုးသမား တဦး ဖြစ်ပြီး ဘေးလိုက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်ကာ သူ့ရဲ့ တန်ကြေးကတော့ ပေါင် ၂၀သန်း ဝန်းကျင် ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athleticရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အိုနာနာကို မခေါ်နိုင်ခဲ့ရင် ဘေးလိုကို ခေါ်ယူဖို့ အတွက် ပြင်ဆင်နေကြပြီး ယူနိုက်တက်က ဘေးလိုအတွက် ဖီယင်နုထံ ဆက်သွယ်မှုတွေ လုပ်ထားကာ ဖီယင်နုကတော့ ဘေးလိုကို လက်လွှတ်ဖို့ ဆန္ဒမရှိသေးပဲ ဘေးလိုဘက်က အသင်းပြောင်းခွင့် တောင်းခံလာမှသာ ဘေးလိုကို လက်လွှတ်ဖွယ် ရှိကြောင်း သိရပါတယ်။