MySport Myanmar

လီဗာပူးပစ်မှတ် အန်ဒရေကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ်ရာသီမှာ မကြာခဏ ဒဏ်ရာတွေ ရနေတဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဖလူမင်နိစ် ကွင်းလယ်ခံစစ် ကစားသမား အန်ဒရေကို ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တယ်ဘော့တ်က အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ တော်မီနေး ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ အမ်မရာဘက် စတဲ့ ကစားသမား ၄ဦးကို ပိုင်ဆိုင်ထားပေမယ့် ကတ်စ်မဲရိုး တဦးထဲကသာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်သလို တော်မီးနေ ၊ အမ်မရာဘက်တို့ကလည်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ် ချမှတ်ပေးထားတဲ့ ကစားပုံအတိုင်း လိုက်မကစားနိုင်ကြပါဘူး။

Photo Credit: 90 Min

ဒါ့အပြင် ကတ်စ်မဲရိုးကလည်း ဒီရာသီမှာ မကြာခဏ ဒဏ်ရာရနေသလို ခြေစွမ်းပိုင်းပါ အနည်းငယ် ကျဆင်းလာတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ကတ်စ်မဲရိုးကို လာမယ့် ဆောင်းဈေးကွက်မှာ ဆော်ဒီကလပ်တွေဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းထုတ်ကာ ကွင်းလယ်လူသစ် တဦး ပြန်ခေါ်ဖို့ စဉ်းစားနေကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တယ်ဘော့တ်ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညပိုင်းမှာပဲ ဖလူမင်နိစ် ကွင်းလယ်ခံစစ် ကစားသမား အန်ဒရေကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်ခဲ့ပြီး အန်ဒရေဟာ လာမယ့် ဆောင်းဈေးကွက်မှာ ဖလူမင်နိစ်ကို စွန့်ခွာကာ ဥရောပအသင်းတွေဆီ ပြောင်းဖို့ ဆုံးဖြတ်ထားသူ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Football Transfer

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အန်ဒရေက ပူပူနွေးနွေး ဘရာဇီးလ် လက်ရွေးစင် ကစားသမား တဦး ဖြစ်ပြီး သူဟာ ကတ်စ်မဲရိုးအလွန် ဘရာဇီးလ်ရဲ့ ကွင်းလယ်ခံစစ်ကို တာဝန်ယူရမယ့်သူလို့ သတ်မှတ်ခံထားရသလို ဖလူမင်နိစ်ရဲ့ မရှိမဖြစ် ကစားသမားလည်း ဖြစ်ပါတယ်။

အန်ဒရေက ဖလူမင်နိစ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အပြင် လီဗာပူးကလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဖလူမင်နိစ်ကတော့ အန်ဒရေအတွက် ပြောင်းရွှေ့ကြေး ယူရို  ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Exit mobile version