ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ အာကန်ဂျီကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဗာရန်း ၊ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ ဘိုင်လီ ၊ ဖီးလ်ဂျုံးစ် စတဲ့ ဗဟိုခံစစ်မှူး ၅ဦး အထိ ပိုင်ဆိုင်ထားပေမယ့် မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့က ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းကြသလို ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ကလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာကြောင့် ဒေါ့မွန်နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာကန်ဂျီကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

Photo Credit: The Sun

အသက် ၂၆နှစ် အရွယ် ဆွစ်ဇာလန် လက်ရွေးစင် နောက်ခံလူ အာကန်ဂျီဟာ ၂၀၁၈ခုနှစ်ကမှ ဆွစ်ဇာလန် ထိပ်သီးကလပ် ဘေဆယ်ကနေ ဒေါ့မွန်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၁.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်ကတည်းက အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

အာကန်ဂျီဟာ ဒေါ့မွန်နဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် လာမယ့် ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ဒေါ့မွန်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ လုပ်ထားပေမယ့် အာကန်ဂျီကတော့ စာချုပ်သစ် ကမ်းလှမ်းမှုတွေကို ငြင်းဆန် ပယ်ချထားပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဒေါ့မွန်က အာကန်ဂျီကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စဉ်းစားနေပြီး အာကန်ဂျီအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း လိုချင်နေသလို သူ့ရဲ့နေရာ အတွက် အစားထိုးမှု အဖြစ် ဘိုင်ယန်မြူးနစ် ခံစစ်မှူး ဇူလာကို ခေါ်ယူဖို့လည်း သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ SPORT1ရဲ့ သတင်းထောက်ဖြစ်သူ ပက်ထရစ် ဘာဂါရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက်ဟာ အာကန်ဂျီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာကန်ဂျီ အတွက် ဒေါ့မွန်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကို ပေးချေဖို့ အဆင်သင့် ရှိနေသလို အာကန်ဂျီရဲ့ အေးဂျင့်နဲ့လည်း ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။