MySport Myanmar

ချန်ပီယံရှစ် ကြယ်ပွင့်တဦးကို ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ညာနောက်ခံနေရာ အတွက် အားဖြည့်မှု တရပ်အနေနဲ့ လာမယ့် ဆောင်းဈေးကွက် အတွင်းမှာ နောဝှစ်ချ်ကြယ်ပွင့် မက်စ် အာရွန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ညာနောက်ခံနေရာမှာ ဒီယေဂို ဒါးလော့နဲ့ ဘစ္စကာတို့ နှစ်ဦးကို ပိုင်ဆိုင်ထားပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဘစ္စကာရဲ့ ခြေစွမ်းကို သဘောမကျတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ဘစ္စကာကို ရောင်းထုတ်ပြီး ဒါးလော့နဲ့အပြိုင် နေရာယှဉ်လုနိုင်မယ့် တိုက်စစ်အားသန် ညာနောက်ခံလူ တဦး ဝယ်ယူပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။

Photo Credit: Euro sports

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က အသက်ငယ်သလို ၊ ခြေစွမ်းပိုင်းလည်း ကောင်းမွန်တဲ့ ညာနောက်ခံလူတွေကို ဈေးကွက်ထဲမှာ ရှာဖွေနေရာ နောဝှစ်ချ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ မက်စ် အာရွန်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဆိုပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က မက်စ် အာရွန်ကို လာမယ့် ဆောင်းဈေးကွက် အတွင်းမှာပဲ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး အာရွန်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် အပြောင်းအရွှေ့ဟာ ခပ်မြန်မြန်ပဲ ဖြစ်ပေါ်လာနိုင်ကြောင်း သိရပါတယ်။

Photo Credit: Euro sports

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် ညာနောက်ခံလူ အာရွန်ဟာ ဆယ်ကျော်သက် ကစားသမား ဘဝထဲက အသင်းကြီးတွေရဲ့ စောင့်ကြည့်မှုကို ခံခဲရတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အာရွန်က ယခုနှစ် ဘောလုံးရာသီမှာလည်း နောဝှစ်ချ် အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနကလည်း နောဝှစ်ချ်ဟာ သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ အာရွန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ဝန်းကျင် လိုချင်နေပြီး မန်ချက်စတာ ယူနိုက်တက် အတွက် အဆိုပါ ပြောင်းရွှေ့ကြေး ပမာဏဟာ ပြောပလောက်တဲ့ ပမာဏ တရပ် မဟုတ်တာကြောင့် ယူနိုက်တက်က အင်္ဂလန်သားလည်းဖြစ် ၊ ခြေစွမ်းလည်း ကောင်းတဲ့ အာရွန်ကို ခေါ်ယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

Exit mobile version