MySport Myanmar

ရက်ရက်စက်စက် စွန့်ပစ်ခဲ့တဲ့ ဒီဂီယာကို အသင်းဆီ ပြန်ခေါ်ဖို့ စီစဉ်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ သူတို့အသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့တဲ့ သက်တော်ရှည် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို ကာလတိုစာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ဝါရင့် စပိန်ဂိုးသမား ဒေးဗစ် ဒီဂီယာက ၂၀၁၁ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ၂၀၁၁ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ စုစုပေါင်း ၁၂နှစ် ကြာအောင် ကစားပေးခဲ့ပါတယ်။

Photo Credit: The Sun

ဒီဂီယာက ၁၂နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၅၄၅ပွဲ အထိ ပါဝင် ကစားပေးခဲ့သလို ပရီးမီးယားလိဂ် ၁ကြိမ် ၊ ယူရိုပါလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကွန်မြူနတီဒိုင်း ၃ကြိမ် ၊ ကာရာဘောင်းဖလား ၂ကြိမ် စတဲ့ ဆုဖလားတွေကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

ဒေးဗစ် ဒီဂီယာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း မန်ချက်စတာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကိုပါ ဆွတ်ခူးခဲ့ပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီဂီယာရဲ့ ကစားပုံနဲ့ ပွဲကြီးတွေမှာ အမှားများတတ်မှုကို သဘောမကျတာကြောင့် စာချုပ်သစ် မချုပ်တော့ပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

Photo Credit: Goal

ဒီဂီယာက မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် ဆွေးနွေးမှုတွေ အဆင်မပြေခဲ့တာကြောင့် အခုချိန်အထိ အသင်းလက်မဲ့ ကစားသမား အဖြစ်သာ ရှိနေသေးပြီး မကြာသေးမီကတော့ ဒီဂီယာဟာ မန်ချက်စတာမြို့မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ဆီ ပြန်လာကာ တဦးထဲ လေ့ကျင့်မှုတွေ လုပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ လက်ရှိ နံပါတ်တစ် ဂိုးသမား အိုနာနာသာ ဇန်နဝါရီလမှာ ကျင်းပမယ့် အာဖရိကဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရင် အသင်းမှာ ဂိုးသမား ဘယင်ဒါ တဦးထဲ ကျန်တော့မှာ ဖြစ်တာကြောင့် ဒီဂီယာကို ကာလတိုစာချုပ်နဲ့ ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး ဒီဂီယာဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ်လို့ မျှော်လင့်နေကြကြောင်း သိရပါတယ်။

Exit mobile version