MySport Myanmar

ချယ်လ်ဆီးကြယ်ပွင့် ပူလီဆစ်ကို တရာသီအငှားနဲ့ ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ မန်ယူ

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပြည်တွင်းပြိုင်ဘက် ချယ်လ်ဆီးရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ပူလီဆစ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အမေရိကန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ပူလီဆစ်က ၂၀၁၉ခုနှစ်မှာ ဒေါ့မွန်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ချယ်လ်ဆီးနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ကျန်ရှိနေသေးသူပါ။

Photo Credit: Metro

ပူလီဆစ်က ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး တဦးချင်း လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်းလည်း မြင့်မားတာကြောင့် ချယ်လ်ဆီးအတွက် ပွဲတိုင်းလိုလိုမှာ ပါဝင် ကစားခွင့် ရထားပေမယ့် အသင်းရဲ့ အဓိက ဦးစားပေး ကစားသမားတော့ မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ပူလီဆစ်က ယခု နွေဈေးကွက် အတွင်းမှာပဲ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ပူလီဆစ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ရောင်းချဖို့ စဉ်းစားရန် အသင်းရဲ့ ဘုတ်အဖွဲ့ထံ တင်ပြထားပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ပူလီဆစ်ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ မျက်စိကျနေပြီး ပူလီဆစ်ကလည်း ငယ်စဉ်တုန်းက အားပေးခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကာ သူဟာ ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ကစားသမား ဖြစ်ကြောင်းကို သက်သေပြချင်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အရည်အသွေးမြင့် ကစားသမား တယောက်ကို ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ဆီ တရာသီအငှားချဖို့ စိတ်ကူးမရှိနိုင်ပဲ အကယ်၍ ယူနိုက်တက်က ပူလီဆစ်ကို ခေါ်ယူချင်ရင် ချယ်လ်ဆီးရဲ့ မျက်စိကျမှုကို ခံနေရတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခွင့် ပေးရနိုင်ပါတယ်။

Exit mobile version