ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ မဟာပြိုင်ဘက် ဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ အပြိုင် ဝုဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရူဘင်နီဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ တောင်ပံကစားသမား တဦးနဲ့ ဗဟိုခံစစ်မှူး တဦးတို့ကို ခေါ်ယူဖို့ အဓိကထား ကြိုးပမ်းနေပေမယ့် အသင်းအတွက် အသင့်သုံးလို့ ရမယ့် တိုက်စစ်မှူးတဦးနဲ့ ဗဟိုကွင်းလယ်လူ တဦးတို့ကိုလည်း ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: 90 Min

အသက် ၂၄နှစ် အရွယ် ဝုဗ်အသင်းရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နီဗက်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး လက်ရှိ နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေသလို ဝုဗ်အသင်းကလည်း ရူဘင်နီဗက်ကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းခန့် ရရှိရင် ရောင်းချချင်နေပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ရူဘင်နီဗက်ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်နေသလို ရူဘင်နီဗက်ကလည်း ဝုဗ်အသင်းထက် ပိုကောင်းတဲ့ ထိပ်တန်း အသင်းတွေဆီ ပြောင်းရွှေ့ချင်နေတာကြောင့် အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရင်တော့ အခြေအနေတွေဟာ ပြောင်းလဲ သွားနိုင်ပါတယ်။

Photo Credit: 90 Min

ဥရောပ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Minရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပေါ်တူဂီသားတွေနဲ့ ကံစပ်တဲ့ အသင်းရဲ့ ကံကြမ္မာနဲ့ အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ်ပေါ့ဘာတို့ကြောင့် ရူဘင်နီဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပြီး ရူဘင်နီဗက်အတွက် ဝုဗ်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းကိုလည်း ပေးချေဖို့ အသင့် ရှိနေကြောင်း သိရပါတယ်။ ပေါ်တူဂီ အခြေစိုက် သတင်းဌာနတွေကလည်း ရူဘင်နီဗက်ဟာ အကယ်၍ မန်ချက်စတာ ယူနိုက်တက်အသင်းကသာ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ အပြိုင် ကြိုးပမ်းလာပါက အာဆင်နယ်အသင်းထက် လက်ရွေးစင် အသင်းဖော် ဘရူနို ဖာနန်ဒက် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ဆိုထားပါတယ်။