ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် သူတို့နဲ့ ပိုင်ရှင်တူ လီဂူးဝမ်းကလပ် နိုက်စ်ရဲ့ အဓိက ကွင်းလယ်လူ သူရမ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြင်သစ်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ၊ မေဆန်မောင့် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ကိုဘီ မိုင်နူး ၊ တော်မီနေး ၊ အမ်မရာဘက် (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ကတ်စ်မဲရိုး ၊ တော်မီနေးနဲ့ အဲရစ်ဆင်တို့ဟာ နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ အလားအလာ များနေသလို အမ်မရာဘက်ကို အပြီးသတ် ခေါ်ယူဖို့လည်း ရာခိုင်နှုန်း နည်းပါတယ်။

Photo Credit: Express

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကတ်စ်မဲရိုး ၊ တော်မီနေးနဲ့ အဲရစ်ဆင်တို့ကိုသာ လက်လွှတ်ရရင် သူတို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ကွင်းလယ်လူတွေကို ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်ထားပြီး နိုက်စ်နဲ့အတူ တောက်ပနေတဲ့ သူရမ်ကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်ကွင်းလယ်လူ သူရမ်က ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားလေ့ ရှိသူ ဖြစ်ပြီး သူက မာမာထန်ထန် ကစားလေ့ ရှိသလို လုပ်အားနှုန်းလည်း ကောင်းမွန်ကာ သူဟာ နိုက်စ်အတွက် ၅နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၁၆၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football Transfer

သူရမ်က နိုက်စ်ရဲ့ အဓိက ကွင်းလယ်လူ ဖြစ်ပေမယ့် သူနဲ့ နိုက်စ်တို့ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ၁နှစ်သာ သက်တမ်း ကျန်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့က သူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး သူရမ်ကလည်း သူ့ရဲ့ အနာဂတ် အတွက် ထိပ်သီးအသင်း တသင်းဆီ ပြောင်းဖို့ စဉ်းစားနေပါတယ်။

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က နိုက်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေတဲ့ သူရမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူရမ်ရဲ့ တန်ကြေးဟာ ယူရို ၁၇သန်းနဲ့ ၂၀သန်းကြား ရှိကာ အသင်းပိုင်ရှင် တူနေတဲ့ အချက်ကြောင့် ယူနိုက်တက်ဟာ သူရမ်နဲ့သာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားရင် သူရမ်ကို လွယ်လင့်တကူ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။