ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် အသင်းရဲ့နည်းပြ ဆိုးလ်ရှားရဲ့ နေရာကို အစားထိုး ဝင်ရောက်နိုင်မယ့် နည်းပြတဦးကို စတင် ရှာဖွေနေပြီး အေဂျက်အသင်းနဲ့ အတူ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ပြထားနိုင်တဲ့ အေဂျက်နည်းပြ တန်ဟက်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက် မော်ရင်ဟို ၊ ဗန်ဟားတို့လို ထိပ်တန်း နည်းပြတွေကို ခန့်အပ်ဖူးသလို အသင်းတသင်းကို ရေရှည်ကိုင်တွယ်တတ်တဲ့ ဒေးဗစ် မိုရက်စ်လို နည်းပြမျိုးကိုလည်း ခန့်အပ်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် အသင်းကို ပြန်လည် တည်ဆောက်ဖို့ အတွက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဆိုးလ်ရှားကို နည်းပြရာထူး ပေးအပ်ခဲ့တာပါ။

Photo Credit: Team Talk

ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေစဉ် ၂နှစ် အတွင်းမှာ အသင်းကို တိုးတက်လာအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ နည်းစနစ်ပိုင်း အားနည်းချက်တွေကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ပွဲမှာ ၁ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာပြီး ဆိုးလ်ရှားရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြကို ရှာဖွေရာမှာ အသင်းကို ရေရှည် ကိုင်တွယ်နိုင်သလို ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ အကယ်ဒမီထွက် ကစားသမားတွေကို ပေါင်းစပ် အသုံးပြုနိုင်မယ့် အရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ နည်းပြတွေကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အေဂျက်အသင်းကို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ တကြိမ် ပို့ဆောင်ပေးနိုင်ခဲ့သလို အကယ်ဒမီထွက် ကစားသမား အများစုကို နေရာပေးလေ့ ရှိတဲ့ နည်းပြ တန်ဟက်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး တန်ဟက်ကို ခေါ်ယူ ခန့်အပ်ဖို့ သဘောတူညီမှု ရရှိသွားမှသာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။