ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကို စွန့်ခွာဖို့ အခွင့်အလမ်း များပြားနေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် လိုက်ပ်ဇက်အသင်းရဲ့ ကွင်းလယ်လူ ဆာဘော့ဇလိုင်းကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဩစတီးယား ကွင်းလယ်လူ ဆာဘော့ဇလိုင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ဆဲလ်ဘက်အသင်း ကနေ လိုက်ပ်ဇက်အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Goal

ညာခြေအားသန် ကစားသမား ဖြစ်သူ ဆာဘော့ဇလိုင်းဟာ ကစားအား ကောင်းမွန်ကာ အလိမ်အခေါက် စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပြီး ဗဟိုကွင်းလယ်လူ ၊ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတွေမှာ ကစားနိုင်စွမ်း ရှိသလို အဝေးကန်ချက်တွေနဲ့ သွင်းဂိုးတွေ သွင်းယူနိုင်သူလည်း ဖြစ်ပါတယ်။

ဆာဘော့ဇလိုင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ်လည်း ပြုလုပ်ထားနိုင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဆာဘော့ဇလိုင်းကို ခေါ်ယူဖို့ ကျိန်းသေပေါက် ကြိုးစားသွားဖို့ ရှိပါတယ်။

Photo Credit: Goal

ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာရဲ့နေရာကို အသက်အရွယ် ငယ်သေးသလို ဂိုးသွင်းအားလည်း ကောင်းမွန်တဲ့ ဆာဘော့ဇလိုင်းနဲ့ အစားထိုးဖို့ မျက်စိကျနေပြီး ဆာဘော့ဇလိုင်းကို ခေါ်ယူရာမှာ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ၇၀သန်းကြား ကုန်ကျဖွယ် ရှိကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆာဘော့ဇလိုင်းကို ဆဲလ်ဘက်အသင်းမှာ ရှိနေစဉ်ထဲက ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကာ အဆိုပါအချိန်တုန်းက ဆာဘော့ဇလိုင်းဟာ ပွဲထွက်ခွင့် ပိုမို ရရှိနိုင်မယ့် လိုက်ပ်ဇက်အသင်းကို ရွေးချယ်ခဲ့ပြီး ဒီတကြိမ်မှာရော ယူနိုက်တက်တို့ ဆာဘော့ဇလိုင်းကို အမိအရ ခေါ်ယူနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာပါ။