ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကနေ ဆီဗီးလားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ ရီဂူလင်ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားလာတယ် လို့ စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ဘယ်နောက်ခံလူ ရီဂူလင်ဟာ ဆီဗီးလားအသင်းနဲ့အတူ ယူရိုပါလိဂ် ဖလားကို ရယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး မန်ယူအသင်းနဲ့ ဆီဗီးလားအသင်းတို့ တွေ့ဆုံတဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသသွားနိုင်ခဲ့ကာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ မန်ယူအသင်းရဲ့ ကင်းထောက်တွေဟာ သူ့ကို မျက်စိကျလာကြတာပါ။

Photo Credit: Sports Mole

ရီဂူလင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆီဗီးလားအသင်း အတွက် ပြိုင်ပွဲစုံ ၃၈ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။ လက်ရှိမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ကြံ့ခိုင်မှု မပြည့်ဝတဲ့ လုခ်ရှောနဲ့ အတွေ့အကြုံ လိုသေးတဲ့ ဘရန်ဒန် ဝီလီယံတို့ကြောင့် ဘယ်နောက်ခံလူ တစ်ဦးကို ဝယ်ယူဖို့ စီစဉ်နေပြီး စျေးနှုန်း သင့်တင့်တဲ့ ရီဂူလင်ဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် တစ်ဦး ဖြစ်တယ် လို့ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Marca သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ ရီဂူလင်ဟာ လက်ရှိမှာတော့ ဆီဗီးလားအသင်းနဲ့ ချုပ်ဆိုထားတဲ့ အငှားစာချုပ် သက်တမ်း ပြည့်သွားတာကြောင့် သူ့ရဲ့ မိခင်ကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လည် ရောက်ရှိနေသူပါ။

Photo Credit: Sports Mole

ရီဂူလင်ဟာ ရီိးရဲလ်မက်ဒရစ် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီး အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမယ့် ရီိးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းဟာ ရီဂူလင်ကို အသင်းမှာ နေရာပေးဖို့ ဆန္ဒမရှိပဲ လက်ရှိ နွေစျေးကွက် အတွင်းမှာ ရောင်းချလိုက ရောင်းချနိုင်တယ် လို့ အသင်းထံ အသိပေးထားပါတယ်။ Marca သတင်းဌာနရဲ့ အဆိုအရတော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရီဂူလင်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၂၀သန်း ကနေ ၂၅သန်းကြား အလို ရှိနေပြီး အဆိုပါ ငွေကြေး ပမာဏဟာ မန်ယူအသင်း အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဟုတ်တာကြောင့် မန်ယူအသင်းဟာ မကြာမီမှာပဲ ရီဂူလင်အတွက် တရားဝင် ကမ်းလှမ်းမှုတွေ စတင် ပြုလုပ်တော့မယ် လို့ သိရှိရပါတယ် ခင်ဗျာ…။