ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကို စွန့်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတဲ့ ပိုလန် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ကြားဖြတ် ခေါ်ယူဖို့ ကြံစည်လာကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကာ သူဟာ ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Team Talk

လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာကာ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဘာစီလိုနာနဲ့လည်း နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားပေမယ့် ဘာစီလိုနာက ဘဏ္ဍာရေး အကြပ်အတည်းတွေကို ရင်ဆိုင်နေရတာကြောင့် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ခက်ခဲနေပါတယ်။

အထူးသဖြင့် ဘာစီလိုနာက ဘဏ္ဍာရေး အခြေအနေ ပြန်လည် တည်ငြိမ်ဖို့နဲ့ လာမယ့်ရာသီမှာ အသင်းကို လည်ပတ်ဖို့ အတွက် ဝင်ငွေ ယူရို ၅၀၀သန်း အထိ လိုအပ်နေပြီး အဆိုပါငွေကြေးကို ရမှသာလျှင် လီဝမ်ဒေါစကီး အပါအဝင် သူတို့အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ ကတ်ဆီး ၊ ခရစ်တန်ဆန် စတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး ပြဿနာက ပြေလည်ဖို့ အတော်လေး ခက်ခဲတာကြောင့် လီဝမ်ဒေါစကီးဟာ ဘာစီလိုနာထံ ပြောင်းရွှေ့ခွင့် ရဖို့ အနိမ့်ဆုံး ၂လ ဝန်းကျင် စောင့်ဆိုင်းရဖို့ ရှိနေပြီး တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကနဦးမှာ ဘင်ဖီကာ တိုက်စစ်မှူး နူနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် နူနက်ဇ်က လီဗာပူးထံ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲချင်နေတဲ့ လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး လီဝမ်ဒေါစကီးကသာ သူတို့အသင်းထံ လာချင်ခဲ့ရင် လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် သုံးစွဲဖို့ လျာထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sun သတင်းဌာနက ဖော်ပြထားပါတယ်။