ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းဟာ အီတလီ စီးရီးအေရဲ့ နာမည်ကြီး အသင်း တစ်သင်း ဖြစ်တဲ့ နာပိုလီအသင်းရဲ့ ကစားသမား ဖြစ်သူ ကူလီဘလီကို ခေါ်ယူဖို့ အတွက် ပြန်လည် စိတ်ဝင်စားလာတယ် လို့ သိရှိရပါတယ်။ မန်ယူအသင်းဟာ ယခင်ကတည်းက ကူလီဘလီကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပေမယ့် လက်ရှိ နွေစျေးကွက် အတွင်းမှာတော့ ကူလီဘလီကို ခေါ်ယူဖို့ ချဉ်းကပ်ခြင်း မရှိတော့ပဲ အခြား နောက်ခံလူတွေကိုသာ ပြောင်းလဲ ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ရရှိလာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ကူလီဘလီကို ခေါ်ယူဖို့ အတွက် ကူလီဘလီရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်လာကြောင်း သိရပါတယ်။

Photo Credit: Daily Mail

အသက် ၂၉နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆီနီဂေါခံစစ်မှူး ကူလီဘလီဟာ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိ နွေစျေးကွက် အတွင်းမှာလည်း သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိပါက အသင်းပြောင်းနိုင်တဲ့ အခွင့်အရေးကို ရရှိထားသူပါ။ လက်ရှိမှာတော့ ကူလီဘလီကို ခေါ်ယူနိုင်ဖို့ အတွက် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်စီးတီးအသင်းက ရေပန်းစားနေပေမယ့် နာပိုလီအသင်းကတော့ ကူလီဘလီအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ကမ်းလှမ်းလာတဲ့ ဘယ်အသင်းကိုမဆို ကူလီဘလီအား ရောင်းချသွားမှာ ဖြစ်ကြောင်း တုန့်ပြန် ပြောဆိုထားပါတယ်။

Photo Credit: Daily Mail

အီတလီရဲ့ နာမည်ကြီး သတင်းစာ တစ်ခု ဖြစ်တဲ့ ll Mattino သတင်းဌာနရဲ့ အဆိုအရတော့ ကူလီဘလီရဲ့ အေးဂျင့်ဖြစ်သူ Fali Ramadani ဟာ မန်ယူအသင်းအနေနဲ့ ကူလီဘလီကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်ထားကြောင်းကို နာပိုလီ အသင်းထံ အသိပေးထားကြောင်း သိရှိရပါတယ်။ နာပိုလီအသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းအပေါ် အတည်ပြု ပေးထားပြီး မန်စီးတီးအသင်း အနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမား ဖြစ်သူ မက်ဆီကို ခေါ်ယူဖို့အတွက် အသည်းအသန် ကြိုးစားနေချိန်မှာ ကူလီဘလီကို ခေါ်ယူဖို့ ကြိုးစားနေမှုများအား ခေတ္တ ရပ်တန့်ထားကာ မန်ယူအသင်းဟာ အဆိုပါ အခြေအနေတွေကို အခွင့်ကောင်းယူကာ ကူလီဘလီအား ခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အီတလီ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေကလည်း မန်စီးတီးအသင်းဟာ ဘုန်းမောက် အသင်းရဲ့ နောက်ခံလူ နသန်အကီကို ခေါ်ယူပြီးပြီ ဖြစ်တာကြောင့် နောက်ခံလူ တစ်ဦး ထပ်မံ ဝယ်ယူဖို့ကို စိတ်အားထက်သန်မှု မရှိတော့ပဲ မန်ယူအသင်းကတော့ လစ်ဇက် နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ အခက်တွေ့နေတဲ့ အချိန်မှာ ကူလီဘလီကို ပြောင်းလဲ ခေါ်ယူဖွယ် ရှိကြောင်း သုံးသပ်ထားကြပါတယ်။