ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြင်သစ်ကလပ် မာဆေးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကာမာရာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ကွင်းလယ်လူ ကာမာရာဟာ ဗဟိုကွင်းလယ် ၊ ကွင်းလယ်ခံစစ်နဲ့ ဗဟိုခံစစ်နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး အရပ်အမောင်း မြင့်မားကာ ကြံ့ခိုင်မှု အားကောင်းတဲ့ ကွင်းလယ်လူလည်း ဖြစ်ပါတယ်။

Photo Credit: Team Talk

ကာမာရာဟာ မာဆေးလ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာတော့ မာဆေးလ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် ကာမာရာကတော့ ဥရောပရဲ့ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကာမာရာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူခွင့် ရမယ် ဆိုရင် ကာမာရာကို ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ကာမာရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့လို ထိပ်သီးအသင်းတွေလည်း ပါဝင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ခပ်သွက်သွက် လှုပ်ရှားမှသာ ကာမာရာကို အမိအရ ခေါ်ယူနိုင်ဖွယ် ရှိပါတယ်။