ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ နေရာအတွက် စတုဂတ် တိုက်စစ်မှူး ကာလာ့ချ်ဒစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဩစတီးယား လက်ရွေးစင် တိုက်စစ်မှူး ကာလာ့ချ်ဒစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စတုဂတ်နဲ့ အတော်လေး တောက်ပခဲ့တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက စတုဂတ်အတွက် ၃ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၅၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အရပ်အမြင့် ၆ပေ ၅လက်မ ရှိတဲ့ ကာလာ့ချ်ဒစ်က အမြင့်ဘောတွေကို အပိုင်နိုင်ဆုံး အသုံးချနိုင်တဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် နံပါတ်၉ တိုက်စစ်မှူး စစ်စစ် တဦးကို လိုချင်နေတာကြောင့် ကာလာ့ချ်ဒစ်ဟာ သူ့ရဲ့ စိတ်တိုင်းကျ တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ကာလာ့ချ်ဒစ်ကို ခေါ်ယူဖို့ ကနဦး စုံစမ်းမှုတွေ ပြုလုပ်ထားပြီး ကာလာ့ချ်ဒစ်ကလည်း ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ဆီ မပြောင်းရွှေ့နိုင်ခဲ့တဲ့နောက် ထိပ်တန်းအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေကြောင်း သိရပါတယ်။

Photo Credit: The Sun

စတုဂတ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးကို လက်မလွှတ်လိုပေမယ့် ကာလာ့ချ်ဒစ်နဲ့ သူတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁နှစ်သာ ကျန်တော့တာကြောင့် ကာလာ့ဒစ်ချ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းတန် ကမ်းလှမ်းမှု တရပ် ရောက်လာရင် ကာလာ့ချ်ဒစ်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ခရစ်ရှန် ဖော့ခ်က ဆိုပါတယ်။