ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ညာနောက်ခံ နေရာအတွက် ခါးသီးပြိုင်ဘက် ချယ်လ်ဆီးရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ လန်းစ်နောက်ခံလူ ကလော့စ်အား ခေါ်ယူရန် စိတ်ဝင်စားလာကြောင်း နာမည်ကြီး သတင်းထောက် ကင်ဆယ်လာက အခိုင်အမာ ဆိုလာပါတယ်။

အသက် ၂၉နှစ် အရွယ် ပူပူနွေးနွေး ပြင်သစ်လက်ရွေးစင် ညာနောက်ခံလူ ကလော့စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လန်းစ်နဲ့အတူ အတော်လေး တောက်ပခဲ့တဲ့ ညာနောက်ခံလူ တဦး ဖြစ်ပြီး သူက လန်းစ်အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပြင်သစ်အသင်းရဲ့ နည်းပြ ဒက်ချမ့်က သူ့ကို ပြင်သစ်အသင်းထံ ပထမဦးဆုံးအကြိမ် ခေါ်ယူခဲ့သလို ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးကလည်း သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာရဲ့ နေရာအတွက် ကလော့စ်ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Evening Standard သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ရာသီကြို ခြေစမ်းပွဲ ကာလအတွင်းမှာ သူ့ရဲ့ ညာနောက်ခံလူ ၂ဦး ဖြစ်တဲ့ ဒါးလော့နဲ့ ဘစ္စကာတို့ရဲ့ ခြေစွမ်းတွေကို သဘောမကျတာကြောင့် အသင်းအတွက် ညာနောက်ခံလူ တဦးကို ခေါ်ယူပေးဖို့ အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး မန်ချက်စတာ ယူနိုက်တက်က တိုက်စစ်လိုက်ပါမှု ကောင်းမွန်သလို ကစားသမား ဘဝ အကောင်းဆုံးအချိန်ကို ရောက်ရှိနေတဲ့ ကလော့စ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။

 

Photo Credit: Team Talk

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းထောက် ကင်ဆယ်လာကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ချယ်လ်ဆီးရဲ့ ပစ်မှတ် ကလော့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး လန်းစ်ဘက်က ကလော့စ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈သန်းသာ လိုချင်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ကလော့စ်ကို ချယ်လ်ဆီးရဲ့ လက်ထဲကနေ ခပ်မြန်မြန်ပဲ လုယူသွားနိုင်ကြောင်း ဆိုပါတယ်။